【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၁)

【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၁)

စာရေးဆရာများ၏ ရာစုနှစ် ဆယ်စုနှစ်များကို စေ့ငုကြည့်သော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက (၁၉၇၆) ခုနှစ်တွင် နှစ် (၁၀၀) ပြည့် ဖြစ်သည်။

ဆရာကြီးမှိုင်းသည် သီပေါမင်းပါတော်မူသော ၁၈၈၅ တွင် ၉ နှစ်အရွယ် ဆံရစ်ဝိုင်းကလေးနှင့်ဖြစ်၍ ဝမ်းနည်းစွာ ငိုကြွေးခဲ့ရဖူးသည်။ဤအချက်ကပင် နောင်အခါ အမျိုးသားခေါင်းဆောင်အဖြစ် ပေါ်ပေါက်လာရသည်ဟု တွေးကြည့်နိုင်သည်။

ဆရာကြီးအတွက် ရာပြည့်ပွဲ ကျင်းပနိုင်ခဲ့သည်။ဆရာကြီး၏ ရာပြည့်တွင် ဦးနေဝင်းခေတ်ထဲမှာ ကျောင်းသားများနှင့် တော်လှန်ရေးအစိုးရ အရေးအခင်းဖြစ်သည်။ကျောင်းသားများ နှိပ်ကွပ်ခံရသည်၊၊သာမန်အားဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ခေါင်းဆောင်တစ်ဦးဖြစ်၍ အထိမ်းအမှတ်ပွဲ ကျင်းပခြင်းဖြစ်သည်။သို့သော် စစ်အာဏာရှင် ဗိုလ်နေဝင်းကတော့ ဆရာကြီးသည် ကွန်မြူနစ်ပါတီကိုသာ အမြဲအားပေးသည်ဟု မှတ်ယူထားသည်။ရာပြည့်ပွဲကျင်းပသော ကျောင်းသားများကိုလည်း ကွန်မြူနစ်ပေါက်စလေးများဟု မြင်သည်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) များဟု အငြိုးဖွဲ့သည်။

အမှန်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းမှာ “အိန္ဒိယနိုင်ငံမှ မဟတ္တမဂန္ဒီ” နှင့် ပမာတူသည်။နေရူး (အိန္ဒိယ) နှင့် ဂျင်းနား (ပါကစ္စတန်) တို့မှာ ဂန္ဒီကြီး၏ တပည့်များသာဖြစ်သည်။သို့တိုင် ဗိုလ်နေဝင်းက သူအာဏာသိမ်းသည်ကို မနှစ်မြို့သော ဆရာကြီးမှိုင်းကို အငြှိုးဖွဲ့သည်။ယခုတိုင်ဖြစ်သည်။

စာရေးဆရာများ၏ ရာစုနှစ်များအကြောင်းပြောလျှင် ဆရာကြီး ရွှေဥဒေါင်း (၁၈၈၉-အောက်တိုဘာ-၂၄) မွေးသူဖြစ်၍ ၁၉၈၉ တွင် နှစ် (၁၀၀) ပြည့်သည်။သီပေါမင်းပါတော်မူပြီး ၄-နှစ်တွင် ဆရာကြီးကို မွေးသည်။မွေးနေ့အထိမ်းအမှတ် လူထုစာအုပ်တိုက်က စာအုပ်ထုတ်သည်။ ၁၉၈၈ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းအုပ် ဆရာကြီး ဦးဖေမောင်တင် ရာပြည့်ဖြစ်သည်။ဆရာမ မလေးလုံ ပြုစုသော “ဘသက်ရှည်” အမှတ်တရစာအုပ် ထွက်သည်၊ စာတမ်းဖတ်ပွဲများ ကျင်းပခဲ့သည်။ဆရာကြီး မော်ပီဆရာသိန်းမှာ ၁၉၆၂ တွင် နှစ် (၁၀၀) ပြည့်သည်၊ အသက် ၈၀-၁၉၄၂ တွင် ကွယ်လွန်သည်။ဒဂုန်တာရာ၊ သော်တာဆွေနှင့် ထင်လင်းတို့သည် သက်တူရွယ်တူများဖြစ်၍ ၂၀၁၉ တွင် နှစ် ၁၀၀ ပြည့်ကြသည်။ရာပြည့်က သက်ရှိထင်ရှားနည်း၍ ကွယ်လွန်ပြီးသူများသည်။သက်ရှိထင်ရှားရှိနေသူများကတော့ နှစ် ၇၀ ပြည့်ကို အာရုံကျကြသည်။

လူထုဒေါ်အမာသည် ၁၉၁၅ ခုနှစ် ဖွားသူဖြစ်၍ ၁၉၈၅ ခုနှစ် အသက် ၇၀ တွင် မန္တလေး၊ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ စလုပ်သည်ဟု မှတ်သားမိသည်။ဆရာ ဒဂုန်တာရာက ၁၉၈၉ ခုနှစ်တွင် ၇၀-ပြည့်သည်။အောင်ပန်းမှာ မွေးနေ့လုပ်သည်။သူတို့နှင့် ငယ်သောအတန်းမှာ ဆရာနတ်နွယ်တို့အတန်းဖြစ်သည်။မောင်နေဝင်း၊ မင်းကျော်၊ နတ်နွယ်တို့မှာ အတွဲဖြစ်သည်။မြန်မာဝတ္ထုအညွှန်း မလိခ ကလောင်အမည်မှာ သူတို့သုံးယောက်ပေါင်း ပူးတွဲကလောင်ဖြစ်သည်။ဆရာ မြသန်းတင့်မှာလည်း သူတို့အတန်းထဲကပဲဖြစ်သည်။သူတို့အတန်းတွေက အလုပ် လုပ်ကြသည်။ကျနော်တို့လို လူငယ်အတန်းများအတွက် ဖတ်မှတ်ရန် လေ့လာရန်များ အများအပြားချန်ထားရစ်ကြသည်။

ရာပြည့်များထက် ဆယ်ပြည့်များက ကျနော်တို့အတွက် မှတ်မှတ်ရရ ပိုရှိသည်၊ ကျနော်တို့ (ကျနော်) စာစရေးသော ၁၉၈၂ မှာ စာပေအနေဖြင့်လည်း ထင်ရှား၍ အယ်ဒီတာများအဖြစ် သြဇာရှိနေသူများမှာ ၅၀-၆၀ အတန်းများဖြစ်သည်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် လူထုဒေါ်အမာ မွေးနေ့ကို ကြိုကြား ကြိုကြား ရောက်ဖြစ်သည်။ ၂၀၀၃ ခုနှစ်လောက်မှစကာ နှစ်စဉ်ရောက်ဖြစ်သည်မှာ ဆရာမကြီးကွယ်လွန်သည်အထိဖြစ်သည်။ဒဂုန်တာရာမွေးနေ့များကိုလည်း ဤသို့ပင်ရောက်ဖြစ်သည်။ရှမ်းပြည်တောင်ပိုင်းတစ်ခွင်တော့ ချောင်းပေါက်လောက်သည်။ကျနော်က ရှမ်းရထားကြီးဖြင့် လိမ္မော်၊ ထောပတ်သစ်သီးများ ကုန်ကူးဖူးသည်။ဆရာတာရာ အောင်ပန်းအိမ်ကိုလည်း အလျဉ်းသင့်သလို ဝင်ထွက်ဖူး၊ စကားပြောဆိုဖူးသည်။

ဆရာတာရာက သူပြောသည်ထက် ကျနော်တို့အရွယ်တန်းပြောတာကိုပဲ ပို၍နားထောင်ချင် လေ့လာချင်သည်။ဆရာက ၈၀ ခန့်ရှိ၍ ကျနော်က ၄၀ နီးနီးဖြစ်သည်။ဆရာမျက်စိပျက်နေသည်မှာကြာပြီ၊ ကျနော်တို့အရွယ် အတွေးအမြင်ကို ဆရာအလွန်ကြားချင်သည်။ကျနော်တို့အရွယ်ထက် မျိုးဆက်နှစ်ဆက်လောက်ကွာသည်။ဆရာတို့အရွယ်တုန်းက အတွေးအမြင် (ဝါ) သမိုင်းအမြင်ကို ကျနော်က လေ့လာချင်သည်၊ ဝေ့ဝိုက်မနေဘဲ တည့်တည့်ပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဆရာတို့အရွယ်တွင် လက်ဝဲ/ကွန်မြူနစ်အတွေးအခေါ်မှာ ထိပ်ဆုံးတန်းမှာရှိသည်။လက်ဝဲအတွေးအခေါ်လောက်မှ တူတူတန်တန် လေ့လာမထားလျှင် လူရာမဝင်သလောက်ဖြစ်သည်။ကျနော်တို့ အထက်တန်းကျောင်းသားအရွယ် စာပေစိတ်ဝင်စားသည့်အရွယ် ၁၉၈၀ ခန့်တွင် လက်ဝဲအတွေးအခေါ်ကို စိတ်ဝင်စားဆဲ လေ့လာလိုစိတ်ပြင်းပြဆဲပင်ဖြစ်သည်။အနည်းဆုံးတော့ လက်ဝဲသဘောတရားက အဖျားခတ်ဆဲဖြစ်သည်။ဆရာတာရာ လက်ဝဲဆိုသည်ကိုတော့ ပြောရန်မလို။ စာပေသစ်မှတ်တိုင်သည်ပင်လျှင် ဆရာ အသေအချာစိုက်ထူခဲ့သော လက်ဝဲအမြင်မှတ်တိုင်ဖြစ်သည်။တချို့များ သခင်သန်းထွန်းနှင့် ဒဂုန်တာရာမှာ အမြဲတမ်းအကြိုက်တူသည် အတွေးတူသည်ဟုပင် ပြောတတ်ကြသည်။ဆရာနှင့် စကားပြောကြည့်လျှင် ကွယ်လွန်သည်အထိပင် လက်ဝဲသမိုင်းအမြင်ရှိဆဲဟု သိကြမည်ဖြစ်သည်။

ဆရာနတ်နွယ်နှင့် ကျနော့်တွေ့ထိမှု လေ့လာမှုကို အနည်းငယ်ပြောချင်မိသည်၊ ဆရာက ဝတ္ထုတိုကိုကြိုက်သည် အသေအချာဖတ်သည်ဟု သိရသည်။ကျနော့်ဝတ္ထုတိုများ မဂ္ဂဇင်းများတွင် ခပ်စိတ်စိတ်ပါနေသောအချိန်မှာ ကျနော် ဆရာ နတ်နွယ်၏ နွယ်နီမဂ္ဂဇင်းကို လစဉ်ဖတ်ဖြစ်နေသည်။နွယ်နီသွားနေသည့်လမ်းမှာ နိုင်ငံတကာ၊ နိုင်ငံရေး၊ စစ်ရေးအကြောင်း သုံးသပ်ချက်တွေဖြစ်သည်။တဖြည်းဖြည်းစာဖတ်သူများ နိုင်ငံတကာတွေကို စိတ်ဝင်စားမှုလျော့နည်းလာသည့်အခါ ဆရာသည် နွယ်နီတွင် ပင်ကိုယ်ရေးဝတ္ထုတိုများကို တစ်ပုဒ်စ နှစ်ပုဒ်စ နေရာပေး ထည့်သွင်းလာသည်ကို တွေ့ရသည်။ကဗျာဆရာ ညွန့်သစ်က ကျနော့်ဝတ္ထုတိုတစ်ပုဒ်ကို သင့်တော်ရာပေးမည်ဟု ယူသွားပြီး ဆရာနတ်နွယ်ကို ပေးခဲ့သည်ဟု ပြောသည်။ထိုစဉ်က ပန်းဆိုးတန်းဂုံးအောက်မှ “အားမာန်သစ်” အရက်ဆိုင်တွင် တစ်ခါတရံထက်ပိုစွာ ထိုင်ဖြစ်နေကြသည်။

တိုက်ဆိုင်မှုက ကျနော်တို့ထိုင်ဖြစ်သောဆိုင်မှာ ဆရာနတ်နွယ်နှင့်အဖွဲ့ ထိုင်တတ်ကြခြင်းဖြစ်သည်။ဆရာနတ်တို့အဖွဲ့ဆိုသည်မှာ နွယ်နီမဂ္ဂဇင်းမှာ နိုင်ငံတကာကို ပင်တိုင်လက်ရင်း ရေးနေကြသော ဆရာများဖြစ်သည်။ဆရာ မြေနီကုန်းဖိုးလုံးနှင့် ဆရာ တင်စိန် (ပထဝီဝင်) တို့ကိုတော့ မှတ်မိနေသည်။အမြဲတမ်းလေးငါးယောက်ထက်တော့ မပိုတတ်ပါ၊ စကားတိုးတိုးပြောသော လူကြီးဝိုင်းဖြစ်သည်။ဆရာနတ်တို့က ဆိုင်မှာ အသံဗလံတွေ သိပ်ဆူတာကို မကြိုက်။ဆိုင်ပြောင်းတတ်သည်၊ တချို့က ဆရာနတ်နွယ်တို့ ဆိုင်ပြောင်းလျှင် လိုက်ပြောင်းကြသည်။လိုက်ပြောင်းကြသည့်အကြောင်းက ဆရာနတ်တို့သောက်သော ရမ်စစ်စစ်ကို နှစ်သက်သောကြောင့်ဖြစ်သည်။ဆရာနတ်တို့မှာ လူကြီးတွေလည်းဖြစ်၍ ကျန်းမာရေးကိုလည်းထောက်ငဲ့၍ ရမ်စစ်စစ်ကိုမှ သောက်သည်၊ ရမ်အတုတွေကလည်း အတော်များများထွက်နေသည့်အချိန်ဖြစ်သည်၊၊ဆရာနတ်တို့ရှိသောဆိုင်မှာ ရမ်စစ်သည်ဟု ယုံကြည်ကြလျက် ဆရာတို့ပြောင်းရာသို့ လိုက်ပြောင်းကြခြင်းဖြစ်သည်။ကျနော်တို့ကလည်း လူသိပ်များ သိပ်ဆူလျှင် အသိုက်ပြောင်းတတ်ကြသည်။ ဆရာနတ်က ဖြူဖြူသေးသေး ပါးပါးလေးဖြစ်သည်။သိပ်လည်းမသောက်နိုင်၊ သောက်၍လည်း စာရေးစာဖတ်မပျက်သူမျိုးဖြစ်သည်။ကျနော့်စာမူ ကဗျာဆရာ ညွန့်သစ် ယူသွားသောနေ့မှာပင် ညနေပိုင်းတွင် ဆရာနတ်က ဆရာ ညွန့်သစ် ပေးခဲ့သော စာမူကို သုံးမည်ဟု ပြောသွားသည်တဲ့။ကံကောင်းထောက်မစွာပင် ဆရာနတ်က ကျနော့စာမူကို နေ့ချင်းဖတ်လိုက်ဟန်တူပါသည်။ကျနော်လည်း ထိုမှစကာ နှစ်လခြား သုံးလခြားတစ်ခါ ရေးဖြစ်သွားပါတော့သည်။

ဆရာနတ်က စကားလည်းများများ ပြောသည်မဟုတ်။သူ့စားပွဲရှေ့ရောက်လျှင် ထိုင်ဟု တစ်ခွန်းပြောသည်။ပါရှိသော စာအုပ်နှင့် ဆရာက စာမူခထုတ်ပေးသည်။ပြီးလျှင် ဆရာ့ကို ဦးညွတ်လျက် ပြန်ထွက်လာသည်။စာမူပေးလျင်လည်း သည်အတိုင်း လက်နှစ်ဘက်ဖြင့် ဆရာ့ကိုထိုးပေးလိုက်သည်။ပြန်ထွက်လာသည်။တစ်ခါတရံ ပြောစရာရှိလျှင် ဆရာ တင်စိန် (ပထဝီဝင်) နှင့်သာ ပြောတတ်သည်။ဆရာ့ ၃၄ လမ်း မဂ္ဂဇင်းရုံးခန်းမှာ ဆယ်ပေပတ်လည်လောက်သာရှိသည်။အများအားဖြင့် နှစ်ယောက်သုံးယောက်ပဲရှိ၍ အများဆုံးမှ လေးယောက်လောက်ပဲရှိတတ်သည်။သူနှင့် သူ့အဖွဲ့ “အားမာန်သစ်” မှာ ဆုံမည်ဟု ချိန်းမည်။အခန်းတံခါးသော့ခတ်၍ သူနှင့် ဆရာ တင်စိန် ထွက်သွားကြမည်၊။ဆရာက နေ့စဉ်မှန်မှန်တော့ မဂ္ဂဇင်းမှာထိုင်သည်။ဟိုဒီသွားသည်လည်း သိပ်ရှိဟန်မတူ။ဒီအရွယ်အထိ မြောက်ဥက္ကလာ နွယ်နီမှနေ၍ ရန်ကုန် ၃၄ လမ်း အထက်ဘလောက် ဒုတိယထပ်အထိ ရုံးသွားသလို သွားနေရသည်မှာ အသက် ၇၀ ကျော် ဆရာ့အတွက် သိပ်လွယ်မည်ဟု မထင်။

(ဆက်လက်ဖော်ပြပါမည်။)

လင်းထင်