【 ဆောင်းပါး 】 တယ်ဟုန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှ ကော်ဖီလုပ်ငန်းများ တိုးတက်နိုင်မည်

【 ဆောင်းပါး 】 တယ်ဟုန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှ ကော်ဖီလုပ်ငန်းများ တိုးတက်နိုင်မည်

မြန်မာနိုင်ငံရှိ ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲနှင့် မြန်မာနိုင်ငံကော်ဖီအသင်းတို့ မကြာသေးမီရက်ပိုင်းအတွင်းက နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်နေသလို သစ်ပင်သစ်တောများနှင့် သဘာဝအခြေခံသည့် ခရီးသွားလာရေးကို ဖော်ဆောင်နေသည့် ဒေသလည်းဖြစ်သည်။စိုက်ပျိုးရေးကိုလည်း အလေးထား လုပ်ဆောင်နေသလို ဇီ၀မျိုးစုံမျိုးကွဲများ ပေါကြွယ်ဝရာ ဒေသလည်းဖြစ်ပြီး ယူနန်ပြည်နယ်အတွင်း၌ တည်ရှိကာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းနီးစပ်လျက်ရှိရာ ဒေသလည်းဖြစ်သည်။

ကော်ဖီဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ကြမည့် လုပ်ငန်းများနှင့်ပတ်သက်၍ မကြာသေးမီက မြန်မာနိုင်ငံအခြေစိုက် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ကူးသန်းရောင်းဝယ်မှုစီးပွားရေးအသင်း၊ ကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံကော်ဖီအသင်းနှင့် ရန်ကုန်ကိုယ်စားလှယ်ရုံးတွင် စာချွန်လွှာလက်မှတ်ရေးထိုးကြခြင်းလည်း ဖြစ်သည်။

မြန်မာ့ကော်ဖီမှာလည်း အရည်အသွေးများ ယခင်ထက် ပိုမိုကောင်းမွန်လာမှုနှင့်အတူ ထုတ်လုပ်မှုအပိုင်းတွင်လည်း ခေတ်မီနည်းစနည်များအသုံးပြုလာပြီး နိုင်ငံတကာစျေးကွက်သို့ စတင်ထိုးဖောက်မှုများရှိလာခဲ့သည်။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းမှာ ၁၈၈၅ ခုနှစ်လောက်က စတင်၍ ရောက်ရှိလာကြောင်းကို Director of Agriculture Burma Office Research ဖော်ပြထားခြင်းကြောင့်လည်း မြန်မာ့ကော်ဖီသမိုင်းသည် ၁၈၈၅ ခုနှစ်မှ စတင်သည်ဟု ဆိုရမည်ဖြစ်သည်။ထိုစဉ်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်နှင့် ထားဝယ်ခရိုင်များတွင် သစ်တောဌာနမှ ဦးစီးကာ စမ်းသပ်ကော်ဖီခြံနှစ်ခြံ တည်ထောင်ခဲ့ဖူးသလို တစ်ချိန်တည်း၌ ကရင်ပြည်နယ်တွင်လည်း ကော်ဖီခြံတစ်ခြံ တည်ထောင်ခဲ့ဖူးကြောင်း မှတ်တမ်းများ၌ ဖော်ပြထားသည်။

ထိုစဉ်အခါက ကျွမ်းကျင်အလုပ်သမားများရှားပါးခြင်း၊ ကော်ဖီပင်များတွင် အပင်ပိုးမွှားဆိုင်ရာ ရောဂါများကြောင့်  ယင်းကော်ဖီခြံများကို ပိတ်လိုက်ကြရသည်။ထိုမှ ကရင်ပြည်နယ် သံတောင်ဒေသနှင့် တောင်ငူဒေသရှိ ကရင်တိုင်းရင်းသားများသည် မိမိတို့ နေအိမ်ခြံဝင်းများအတွင်း ကော်ဖီကို အနည်းအကျဉ်းစိုက်ပျိုးကြရာမှ တဖြေးဖြေး စိုက်ပျိုးသူများလာသလို တောင်ငူကော်ဖီဟုပင် ထင်ရှားခဲ့ဖူးကြောင်း၊ တောင်ငူနှင့် သံတောင်ဒေသများမှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ ရွာငံဒေသများ၊ ကချင်ပြည်နယ် မြစ်ကြီးနားဒေသ၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ စသည်တို့ဘက်သို့ ကော်ဖီစိုက်ပျိုးမှုလုပ်ငန်းများ ပျံ့နှံ့လာခဲ့သည်။

ထိုစဉ်အချိန်က ကော်ဖီစိုက်ပျိုးမှုမှာ ဒေသသုံး တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှု အဆင့်မျှသာဖြစ်ခဲ့ပြီး စီးပွားဖြစ်စိုက်ပျိုးမှုမှာ ၁၉၃၀ ပြည့်နှစ်လောက်တွင် နောင်ချိုမြို့နယ်၊ ချောင်းကွေ့ကျေးရွာအနီးက စကော့တလန်လူမျိုးတစ်ဦးမှ တည်ထောင်ထားသည့် ရှမ်းတောင်တန်း ကော်ဖီစိုက်ပျိုးရေးခြံမှ စတင်ခဲ့သည်ဟူ၍လည်း ဆိုထားကြသည်။

နောက်ပိုင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေအကြောင်းများစွာကြောင့်လည်း တိုးတက်မှုများသိပ်မရှိဘဲ ၁၉၉၀ ပြည့်လွန်နှစ်များမှစတင်ကာ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းများမှာ ပြည်တွင်းတွင် ပြန်လည်၍ အရှိန်ကောင်းလာခဲ့ကြသည်။လက်ရှိတွင်လည်း မြန်မာ့ကော်ဖီသည် ပြည်ပနိုင်ငံများသို့ ပုံမှန်တင်ပို့နေရပြီး စျေးကွက်ချဲ့ထွင်မှုများကို လုပ်ဆောင်လာခဲ့သည်။ကော်ဖီစျေးကွက်မှာ ပြည်ပစျေးကွက် အလားအလာကောင်းလာမှုနှင့်အတူ စျေးကွက်တစ်လျှောက် လုပ်ကိုင်နေသည့် စိုက်ပျိုးသူများအတွက်ပါ အကျိုးကျေးဇူးများ ဖန်တီးပေးစွမ်းနိုင်လာခဲ့သည်။

မြန်မာနိုင်ငံအတွင်းလက်ရှိ ကော်ဖီစိုက်ပျိုးနိုင်သော မြေယာနေရာများရှိသည့်အနက် ၆၀ ရာခိုင်နှုန်းလောက်သာ စိုက်ပျိုးထားလျက်ရှိခြင်းကြောင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက လုပ်ကိုင်လိုသူများကို ဖိတ်ခေါ်ကာ အစီအစဉ်ဆွဲ လုပ်ဆောင်နေကြသည်။ထို့အပြင် ဇုန်သုံးဇုန်ခွဲ၍လည်း ကော်ဖီဧကသုံးသိန်းကို တိုးချဲ့စိုက်ပျိုးသွားရန် စီစဉ်မှုများရှိနေသည်။

မြန်မာနိုင်ငံတွင် ကော်ဖီကို လက်ရှိကာလ၌ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ဧကပေါင်း ၂၇၀၀၀ ဧက စိုက်ပျိုးထားသလို ဒုတိယအများဆုံးအဖြစ် ကရင်ပြည်နယ်တွင် ဧကပေါင်း ၁၀၀၂၉ ဧက၊ တတိယအများဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီးတွင် ဧကပေါင်း ၅၀၀၀ ကျော် စိုက်ပျိုးထားခြင်းဖြစ်သည်။တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧကပေါင်း ၄၉၀၀၀ ကျော်သာရှိနေသည်။ထို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ရန် စီစဉ်ထားကြခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ကူးသန်းရောင်းဝယ်မှုစီးပွားရေးအသင်း၊ ကိုယ်စားလှယ်ရုံးနှင့် မြန်မာနိုင်ငံက ကော်ဖီအသင်းတို့ သဘောတူလက်မှတ်ရေးထိုးလိုက်သော နားလည်မှုစာချွန်လွှာအရ ပြည်တွင်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့များတွင်လည်းကောင်း၊ တရုတ်နိုင်ငံရှိ မန်စီ၊ ရွှေလီ စသည့် ဒေသများတွင်လည်းကောင်း ကော်ဖီနှင့်ပတ်သက်သည့် ပြပွဲများကို ပြုလုပ်သွားရန် စီစဉ်ထားကြသည်။ထိုပြပွဲများအတွင်းတွင် နှစ်နိုင်ငံမှ ထုတ်လုပ်သည့် ကော်ဖီထုတ်ကုန်များကို ခင်းကျင်းပြသခြင်းများ၊ ကော်ဖီထုတ်လုပ်သည့် စက်ပစ္စည်းများ၊ စက်ကိရိယာများကိုပြသမှု လုပ်ငန်းများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့်မြှင့်တင်သည့် လုပ်ငန်းများနှင့် အခြေအနေကို ခင်းကျင်းပြသမှုများကိုလည်းကောင်း၊ လေ့လာသုတေသနများပြုလုပ်၍ ရရှိထားသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ ရလဒ်အခြေအနေများကို ပြသခြင်းများလည်း လုပ်ဆောင်သွားကြမည်ဖြစ်သည်။ထို့အပြင် ကော်ဖီလုပ်ငန်းများအပေါ် ဝန်ဆောင်မှုပေးမည့် အခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ အခြောက်ခံလုပ်ဆောင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ စက်ကိရိယာအသုံးချမှု စသည့် လုပ်ငန်းတစ်လျှောက် ကော်ဖီလုပ်ငန်းနည်းပညာဆိုင်ရာ မွမ်းမံသင်တန်းများ ကျင်းပ၍ ကော်ဖီယဉ်ကျေးမှုကို ပိုမိုခိုင်မာတိုးတက်ရန် လုပ်ဆောင်ကြမည်ဖြစ်သည်။ထို့အပြင် ဒေသတွင်းရှိ ကော်ဖီလုပ်ငန်းများကို မြှင့်တင်ပေးခြင်းများဖြင့်လည်း ကော်ဖီလုပ်ငန်းမှတစ်ဆင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို အများပြည်သူတို့မှ နားလည်လာစေရန်ဆောင်ရွက်၍ ဒေသတွင်း နာမည်ကျော်မည့် ကော်ဖီအမှတ်တံဆိပ်မျိုး ဖြစ်လာစေရန်လည်း ပျိုးထောင်မှုများဖြင့် စီစဉ်ထားလျက်ရှိသည်။

နှစ်နိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များ စုစည်း၍လည်း စီးပွားရေးဆွေးနွေးပွဲများ ကျင်းပပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ကော်ဖီထွက်ကုန်များ၊  ကော်ဖီကုန်ချောထုတ် စက်ပစ္စည်းများ၏ ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ တိုးမြှင့်ခြင်းများဆောင်ရွက်၍ ကော်ဖီလုပ်ငန်းအပေါ် နှစ်ဖက်အစိုးရ၏ အားပေးထောက်ခံမှုများ တိုးမြင့်လာစေရန်လည်း ရည်ရွယ်ထားကြသည်။

ကမ္ဘာ့စျေးကွက်တွင်လည်း အနံ့အရသာနှင့် အရည်အသွေးပိုင်း၌ ထိပ်တန်းအဖြစ် ရောက်ရှိနေသည့် မြန်မာ့ကော်ဖီ၏ အရည်အသွေးပိုင်းကို ဂျာမနီစစ်တမ်းတစ်ခု၌ အခိုင်အမာထုတ်ပြန်ထားပြီးဖြစ်သည်။ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၇၅ နိုင်ငံခန့်မှာ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့မှုကို ဆောင်ရွက်နေပြီး ယင်းနိုင်ငံများအနက်တွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ကော်ဖီထုတ်လုပ် တင်ပို့မှုတွင် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ် လုပ်ကိုင်သူများသာမက ရေမြေအခြေခံကောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများ ပိုင်ဆိုင်ထားသည့် တယ်ဟုန်ပြည်နယ်ခွဲမှ ဒေသခံများလည်း အကျိုးရှိမည်ဖြစ်သည်။

ယခုလို နှစ်နိုင်ငံမှ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများလည်း တိုးမြှင့်ကာ ပိုမိုခိုင်မာသော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများနှင့်အတူ အောက်ခြေစိုက်ပျိုးသူများအထိ အကျိုးရလဒ်ကောင်းများ ပေးစွမ်းနိုင်တော့မည်ဖြစ်သည်။

ဧပရယ်လ်