【 ဆောင်းပါး 】 နှစ်ဆယ်ရာစု မြန်မာ့လူမှုဘဝအပေါ် မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၇)

【 ဆောင်းပါး 】 နှစ်ဆယ်ရာစု မြန်မာ့လူမှုဘဝအပေါ် မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၇)

စာတမ်းရေးသူ - ဦးသော်ကောင်း
ဘာသာပြန် - ခင်နှင်းဦး
လွတ်လပ်ရေးရပြီးခေတ် - (င)

၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ်သို့ ရောက်လာသောအခါ လူတန်းစားသစ် လူငယ်အမျိုးသားများ၊ အမျိုးသမီးများကို ကျွန်တော်တို့ တွေ့မြင်လာကြရပါသည်။ထွန်းသစ်စလူငယ်များ၊ လူလတ်တန်းစားနှင့် ချမ်းသာလာသည့် လူသစ်များ၊ လည်ပတ်လာသည့် စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်ခြင်း၊ စက်ရုံများကို စီမံခန့်ခွဲခြင်းနှင့် မြန်မာ့အစဉ်အလာမဟုတ်သည့် ဘဝနေထိုင်ပုံများကို တုပနေထိုင်လာကြခြင်း စသည်တို့ကို တွေ့မြင်လာရပါသည်။

နိုင်ငံကို တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်ခြင်းနှင့်အတူ၊ နိုင်ငံခြားသို့သွားလာခွင့် ပိုရလာကြပြီး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ သွားလာကြပါသည်။ထိုသို့သွားလာကြခြင်းမှာ ကုန်သွယ်ရန်၊ ပိုမိုချမ်းသာကြီးပွားရန်ဖြစ်ပြီး၊ ရန်ကုန်နှင့် မန္တလေးတွင် ခေတ်မီဟိုတယ်များ၊ အထပ်မြင့်တိုက်ခန်းအိမ်ရာများ၊ နေ့ချင်းညချင်း ရုတ်တရက်ပေါ်ထွက်လာပါသည်။နိုင်ငံတွင်း၌ ကာရာအိုကေဆိုင်များ၊ ဘီယာဥယျာဉ်များ၊ ကလပ်များနှင့်အတူ စားသောက်ဆိုင်အသစ်များ၊ကော်ဖီဆိုင်များသည် မြို့ကြီး၊မြို့ငယ်၊ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာကြပါသည်။ချမ်းသာသောလူငယ် လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၏ ဘဝနေနည်းနေဟန်များသည် မြန်မာဝတ္ထုတိုများထဲတွင် ထင်ဟပ်လာပါသည်။

လွန်းထားထားသည် ဆေးပညာရှင် ဆရာဝန်တစ်ယောက်ဖြစ်ပြီး၊ ဝတ္ထုတို ဝတ္ထုရှည် အများအပြားရေးသားပါသည်။အဓိကအားဖြင့် လွန်းထားထားသည် အင်္ဂလန်နိုင်ငံထုတ် မီးလ်စ်နှင့် ဘွန်း အပျော်ဖတ်အချစ်ဝတ္ထု စာစဉ်ပုံစံဆန်ဆန် ရေးသားသူဖြစ်ပါသည်။

လူထုဆူပူအုံကြွမှုဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်တွင် လွန်းထားထား စာစတင်ရေးသားခဲ့ပါသည်။ဤအပျော်ဖတ်အချစ်ဝတ္ထုများကို ယခုမှ ချက်ခြင်းလက်ငင်းချမ်းသာကြွယ်ဝလာသည့် စီးပွားရေးလုပ်ငန်းရှင်လူငယ်များက ရှာဖွေဖတ်ရှုကြပြီး၊ လွန်းထားထားဝတ္ထုတိုပေါင်းချုပ်များသည် ရပ်ကွက်အငှားဆိုင်တွင် ရေပန်းစား လူဖတ်များလာကြပါသည်။သို့သော် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရောင်းချနေကြသည့် စာအုပ်ဆိုင်အများစုက ဆိုင်ပေါ်တင်ရောင်းချပေးရန် ငြင်းဆိုကြပါသည်။ဤကဲ့သို့ပုံစံဖြင့် ရေးသားထားသည့် လွန်းထားထား၏ ဝတ္ထုများကို ဝေဖန်ထောက်ပြမှုများရှိလာပါသည်။လူ့အဖွဲ့အစည်းသစ် ပေါ်ပေါက်လာခြင်းသည်၊ အချိန်ကြာလာသည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံစဉ်လာများကို တစတစလျော့ပါးမှေးမှိန်လာစေမည်လားဆိုသော မေးခွန်းများလည်း ပေါ်ထွက်လာပါသည်။ (သို့မဟုတ်) လူတန်းစားသစ်သည် အနောက်တိုင်းတဆန်ဆန် လူနေမှုဘဝနှင့် အသိုင်းအဝိုင်းကို ရောင်ပြန်ဟပ်နေသည့် ဝတ္ထုများကို မှီငြမ်းပြုရုံမျှသာဖြစ်လေသလား တွေးတောစရာပါပေ။ပီမိုးနင်းသည် အနောက်တိုင်းဝတ္ထုများကိုမှီး၍ လူကြိုက်များသည့် မြန်မာဝတ္ထုများကို စတင်ရေးသားခဲ့ပါသည်။အလားတူ မှီငြမ်းပြုရေးသားမှုများကို ကျွန်တော်တို့တွေ့မြင်ကြဦးမည်လား။ထိုမေးခွန်းများအတွက် ဆီလျော်သောအဖြေများကို ရနိုင်ရန် သုတေသနများစွာ ပြုလုပ်ကြရမည်ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ဖြစ်ရပ်မှန်လူမှုဘဝအပေါ ထင်ဟပ်သရုပ်ဖော်ရေးသားထားသည့် မြန်မာဝတ္ထုများကို လက်ခံဖတ်ရှုသူများ ထုနှင့်ထည်နှင့်ရှိနေသဖြင့် မြန်မာစာပေတွင် သရုပ်မှန်စာပေရေးဖွဲ့မှု ရှင်သန်အောင်မြင်နေဆဲဖြစ်ပါသည်။ ၂၀ ရာစု၏ နောက်ဆုံး ဆယ်စုနှစ်အတွင်း နေဝင်းမြင့် (၁၉၅၂ - ဖွား) ရေးသားသည့် ဝတ္ထုများကို ဖတ်ကြည့်ရုံဖြင့်၊ ဖြစ်ရပ်မှန်ဘဝများကို သရုပ်ဖော်သည့် ဝတ္ထုတိုရေးဖွဲ့မှု မြန်မာတွင် အခိုင်အမာရှိနေဆဲဖြစ်ကြောင်း သိရှိနိုင်ပါသည်။နေဝင်းမြင့်၏ ဝတ္ထုတိုမြောက်မြားစွာကို မဂ္ဂဇင်းမျိုးစုံတွင် ဖော်ပြခဲ့ကြပြီး၊ မကြာမီ ဝတ္ထုတိုပေါင်းချုပ်အဖြစ် တည်းဖြတ်ထုတ်ဝေပါသည်။နေဝင်းမြင့်၏ ဆယ့်နှစ်ကြိုးဝတ္ထုတိုများစာအုပ်ဖြင့် ၁၉၉၂ ခုနှစ် အမျိုးသားစာပေဆု ဆွတ်ခူးရရှိခဲ့ပါသည်။   

ဟိန်းလတ် တွေ့ဆုံမေးမြန်းသည့် စာပေအင်တာဗျူးတစ်ခုတွင် နေဝင်းမြင့်က “စာရေးဆရာတစ်ဦးအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ လူများ၏ဘဝကို မှန်မှန်ကန်ကန်ရေးသားရန် လိုအပ်ပြီး၊ သရုပ်မှန်စာပေအဖြစ် ရေးဖွဲ့ရသည့်အခါ စာနာထောက်ထားစိတ်ဖြင့် ရေးသားရမည်ဖြစ်ပါသည်။အထူးသဖြင့် ဆင်းရဲနွမ်းပါးချို့တဲ့သူများ၏ ဘဝများကို ရေးသားသည့်အခါ သတိထားဆင်ခြင်ရမည်ဖြစ်ပါသည်” ဟု ဖြေဆိုခဲ့ပါသည်။

နေဝင်းမြင့်၏ ဝတ္ထုတိုတချို့မှာ စောင်းပါးရိပ်ခြည်၊ သိမ်သိမ်မွေ့မွေ့ သရော်လှောင်ပြောင် ရေးသားထားသည့် ဝတ္ထုတိုများဖြစ်ကြပါသည်။သူ၏ ‘ရတနာပုမ်ညများ’ ဝတ္ထုတိုတွင် မြန်မာဘုရင်များ၊ ဒုတိယနောက်ဆုံး နန်းစိုက်ခဲ့သည့် အရပူရမြို့မှ မန္ထလေးမြို့သို့သွားသည့် ခရီးစဉ်ကို ရေးဖွဲ့ထားပါသည်။

မှိန်ပျပျသာ မီးလင်းနေသည့် လမ်းပေါ်တွင် ကားမောင်းနှင်လျက် အမရပူရမြို့မှ မီးထိန်ထိန်လင်းကာ၊ ခေတ်မီပြီး၊ လူသူဆူညံ ပျားပန်းခပ်လျက် ချမ်းသာကြွယ်ဝလာသည့် မန္တလေးသို့ လာရောက်ပုံကို ရေးဖွဲ့ထားပါသည်။ ရောင်စုံမီးရောင်များကြားတွင် တွေ့ရသော ဆိုင်အများစု၏ ဆိုင်းဘုတ်များကို အရှေ့မြောက်ဘက်ဒေသရှိ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီး၏ အက္ခရာစာလုံးများဖြင့် ရေးသားထားသည်ကို စာရေးသူက သတိထားမိကြောင်း ထည့်သွင်းရေးသားထားပါသည်။စာရေးသူက အရှေ့မြောက်ဒေသရှိနိုင်ငံကို ဂန္တာလရာဇ်ဟု ပါဠိလိုရေးသား၍ မြန်မာ့ယဉ်ကျေးမှုထွန်းကားရာ အချက်အခြာနေရာ မန္တလေးတွင် တရုတ်ယဉ်ကျေးမှုလွှမ်းမိုးလာပုံကို သွယ်ဝိုက်ထောက်ပြထားပါသည်။  နိုင်ငံခြားဖြစ်ပစ္စည်းမျာကို စွဲလမ်းနှစ်သက်ကြသည့် တချို့မြန်မာများအကြောင်းကို နေဝင်းမြင့်က သရော်လှောင်ပြောင် ရေးဖွဲ့ထားပါသည်။သူ၏ ‘နက်စ်ကော်ဖီ’ ဝတ္ထုတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် အရည်သွေးပြည့်ဝသော ကော်ဖီအစား၊ နိုင်ငံခြားမှတင်သွင်းလာသည့် အသင့်ဖျော်သောက်ကော်ဖီ (ကော်ဖီမစ်) အား အတိုင်းထက်အလွန် စွဲလမ်းနေသည့် ရွာတစ်ရွာမှ လူငယ်ကလေးတစ်ဦးအဖြစ်ကို ထေ့လုံးငေါ့လုံးလေးများဖြင့် ရေးသားထားပါသည်။ကော်ဖီမစ်များကို အလွန်အကြူးသောက်သုံးသည့် ရွာသားလေးခမျာ နက်စ်ကော်ဖီထည့်ထားသည့် ခရားအိုးကို ဆုပ်ကိုင်ထားရင်း သေဆုံးသွားလေသည်။နောက်အနှစ်နှစ်ဆယ်ကြာသည့်တိုင် သူ့လက်ရိုးများက နက်စ်ကော်ဖီမစ်ဖျော်ထည့်ထားသည့် ခရားအိုးကို သေလျက်နှင့်ပင် ဆုပ်ကိုင်ထားကြောင်း တွေ့ရှိရသည်ဟု  သရော်တော်တော် ရေးဖွဲ့ထားပါသည်။

ခေါင်းဆောင်နေရာကိုသာ မြန်မာတို့ ခုံမင်တတ်ကြပုံကို နေဝင်းမြင့်က ဟာသစွက်လျက် သိမ်သိမ်မွေ့မွေ့ ရေးသားပြထားပါသည်။လူတိုင်းခေါင်းဆောင်ဖြစ်လို၊ အဓိကနေရာမှ ပါဝင်လိုကြသော်လည်း၊ မည်သူမျှ နောက်လိုက်မလုပ်လိုကြကြောင်း “သာဒွန်း” ဝတ္ဌုတွင် လိမ္မာပါးနပ်စွာ ရေးဖွဲ့ပြခဲ့ပါသည်။သိဒ္ဓတ္တမင်းသား နမိတ်ကြီးလေးပါးတွေ့မြင်ခန်း ပြဇာတ်ကို ရွာတွင် ကပြကြရာ၊ သူငယ်ချင်းအားလုံးက သိဒ္ဓတ္ထမင်းသားနေရာ၊ ဘုရားအလောင်းနေရာ၌သာ၊ ပါဝင်သရုပ်ဆောင်ချင်ကြကြောင်း ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

         နိဂုံး

ပါမောက္ခ အန်သိုနီရိဒ်၏ ထူးခြားပြောင်မြောက်ပြီး၊ ဖတ်ရှုချင်စဖွယ်ကောင်းသော သမိုင်းပေါင်းချုပ် စာအုပ်ဖြစ်သည့် ၁၄၅၀-၁၆၈၀ ကာလအတွင်း တွေ့ရှိရသည့် အရှေ့တောင်အာရှကုန်သွယ်ရေး (Southeast Asia in the Age of Commerce, 1450-1680) စာအုပ်တွင် ဒေသခံတိုင်းရင်းသားများရေးသားသော စာများ၏ အသုံးဝင်ပုံကို ထောက်ပြထားပါသည်။ထိုရေးသားမှုများသည် ဒေသဆိုင်ရာ အတွေးအခေါ်၊ ဥပဒေ၊ ကိုးကွယိယုံကြည်မှုနှင့် အစဉ်အလာပွဲလမ်းများ၊ အခမ်းအနားများကို သိနားလည်ရန် အလွန်အရေးပါလှကြောင်း ရေးသားဖော်ပြထားပါသည်။မည်သို့ဆိုစေ ရာဇဝင်သမိုင်းများသည် နေ့စဉ်အကြောင်းအရာများနှင့် ဆက်စပ်နေကြောင်း ပေါ်လွင်သိသာစေသည်ဟု မြန်မာသမိုင်းပညာရှင်တစ်ဦး ထောက်ပြသကဲ့သို့ (ကောင်း၊ ၁၉၆၃ : ၃၃) မဟုတ်ကြပေ။  ၂၀ ရာစုအတွင်း  အရှေ့တောင်အာရှတိုင်းရင်းသားများ ရေးသားသည့် စာများအနက် ဝတ္ထုပုံစံဖြင့် ရေးသားကြသည့် ဝတ္ထုတို၊ ဝတ္ထုရှည်များသည် အလွန်ရေပန်းစားလာသည့် နယ်ပယ်ဖြစ်လာပါသည်။မြန်မာနိုင်ငံတွင် ဝတ္ထုများသည် မြန်မာ့ဘဝနှင့် လူ့အဖွဲ့အစည်းအကြောင်း၊ မြန်မာလူထုရင်ဆိုင်ရသည့် နိုင်ငံရေးအပြောင်းအလဲ၊ ခေတ်နှင့်အမှီ လိုက်ရသည့် အပြောင်းအလဲများကို မှတ်တမ်းတင် ရေးသားထားကြပါသည်။

တချို့သမိုင်းပညာရှင်များသည် ဝတ္ထုတွင်ဖော်ပြထားသည့် ရိုးရာအစဉ်အလာ ဗဟုသုတများကို အရင်းအမြစ် အထောက်အထားများအဖြစ်သုံးရန် ဝန်လေးကြပါသည်။တခြားတစ်ဖက်မှကြည့်ပါက၊ ဝတ္ထုသည် သမိုင်းဖြစ်ရပ်မှန်များကို သိစေရန် အထောက်အကူပြုကြသည်ဟု ရီးဒ်ကောလိပ် (အော်ရီဂင်၊ အမေရိကန်) မှ ဝီလီယမ်ရေးက ရေးသားခဲ့ပါသည်။

“ကန့်သတ်ချက်ကင်းမဲ့သည့် တိကျမှန်ကန်သော အကြောင်းအချက်များ၊ ယဉ်ကျေးမှုထုံးတမ်းစဉ်လာကို အခြေခံ၍ ခိုင်ခိုင်မာမာ ကိုယ်စားပြုတင်ပြချက်များ၊ ကောင်းမွန်သည့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာဘောင်အတွင်းမှ သရုပ်ဖော်ရေးဖွဲ့ တင်ပြခြင်းကို ဝတ္ထုအဖြစ် ဖန်တီးရေးသားခြင်း၊ ခွဲခြမ်းစိပ်ဖြာပြခြင်း၊ ယေဘုယျစံနှုန်းများကို ပုံဖော်ခြင်း စသည့် လူ့ဘောင်အတွင်း အပြန်အလှန်ဆက်ဆံရေးများကို ဝတ္ထုဇာတ်လမ်းဇာတ်ကွက်မှတစ်ဆင့် ပြည့်စုံရှင်းလင်းစွာ ဖော်ပြနိုင်ပါသည်။တစ်ပြိုင်တည်းမှာပင်၊ အပြန်အလှန်ဆက်နွယ်မှုများတွင် ငုပ်လျှိုးနေသည့်၊ ဖုံးကွယ်ထားသည့် အရာများကို စကားပြောခန်းများ၊ ဇာတ်ကြောင်းပြန်ပြောပြခြင်းများမှ အမူအရာဟန်ပန်များအား  စံနမူနာအဖြစ် ရရှိနိုင်ပါသည် -  -   -  ဝတ္ထုကဖော်ပြထားများကို နားလည်ခံစား သိမြင်ခြင်းမှတစ်ဆင့်  သမိုင်းအဖြစ် အခိုင်အမာဖွင့်ဆိုနိုင်ပါသည်” ဟု ဝီလီယမ်က ဆိုပါသည်။

သမိုင်းနှင့်ပတ်သက်ပြီး ဝတ္ထုရှည်၏အရေးပါမှုသည်၊ ဝတ္ထုတိုကပေးသည့် အမှန်တရားနှင့် ထပ်တူအရေးပါပါသည်။ဆမ်မြူရယ်ဂျွန်ဆင်က ဖြစ်ရပ်မှန်နှင့် ဝတ္ထုသည် နီးစပ်ယှက်နွယ်နေကြသည်ဟု ဆိုပါသည်။  

“ဖန်တီးမှုအနုပညာကို ပုံဖော်ခြင်းသည် ရက်ကန်းစင်တွင် လေးထောင့်စပ်စပ် ပိတ်စအဖြစ် ရက်နေရာမှ၊ ဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲရက်လုပ်နိုင်ရန် ချည်မျှင်စများကို လျော့ရဲရဲထားရသည့်နည်းတူ၊  မိန်းကလေးတစ်ယောက်က သူနှစ်သက်သူကို မုသားစကားပြော၍ ဆွဲဆောင်ခြင်းနှင့်အတူ သူတို့အမှန်တရားအတွက် ရင်းနှီးမြှုပ်နှံပြီး၊ သူ့ဝတ္ထုကို အမည်ပေးလေသည်”  (The Rambler)

ကျွန်တော်တို့စာတမ်းတွင် အကြောင်းအရာ အချက်အလက်များနှင့် အသိဉာဏ်ပညာ ဗဟုသုတများကို ပြည့်စုံများပြားစွာ ဖော်ပြနိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ထိုသို့ဖော်ပြနိုင်ရန် မြန်မာလူထု၏ လူမှုရေးသမိုင်းကို သရုပ်ဖော်ရေးသားထားသည့် မြန်မာဝတ္ထုတိုများမှ အချက်အလက်များကို ရယူခဲ့ပါသည်။ယခုလက်ရှိကာလအထိ ဖော်ပြရန်၊ အချက်အလက်များ လိုအပ်နေဆဲဖြစ်ခြင်းကြောင့် ကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါသည်။

အချိန်ကာလ၏ အကန့်အသတ်ကြောင့် ကျွန်တော်တို့စာတမ်းတွင် ဝတ္ထုတိုရေးသားသည့် တခြားစာရေးဆရာအများအပြား၏ စာများကို မဖော်ပြနိုင်ခဲ့ပါပေ။ကြယ်နီကဲ့သို့ မြစ်ဝကျွန်းပေါ်ဒေသမှ တံငါတို့၏ဘဝကို ပီပြင်ပြောင်မြောက်စွာ သရုပ်ဖော်ရေးသားထားသည့် ဝတ္ထုများ၊ ဆင်ဖြူကျွန်းအောင်သိန်းကဲ့သို့  မြန်မာ့ကျေးလက်ဘဝများကို ဖတ်ချင့်စဖွယ် ရေးဖွဲ့ထားသည့် ကိုဆေးရိုးဝတ္ထုတိုများ စသဖြင့် မဖော်ပြနိုင်ခဲ့ပါ။ထိုနည်းတူ တခြားစာရေးဆရာများ၏ လက်ရာများ ကျန်ရစ်ခဲ့ပါသည်။သို့ရာတွင် ဤစာတမ်းသည်၊ မြန်မာဝတ္ထုများအပေါ် သုတေသီများ၏ စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ မြန်မာဝတ္ထုများကို လေ့လာဖတ်ရှု၍၊  ၂၀ ရာစု မြန်မာ့ဘဝနှင့် လူ့အဖွဲ့အစည်းအကြောင်းကို ပိုမိုကျယ်ပြန့်ပြည်စုံစွာ ရေးသားပြုစုနိုင်ကြမည်ဖြစ်ပါသည်။

         မှတ်ချက် ။     ။ ဤစာတမ်းသည် အရှေ့တောင်အာရှ အသိအလိမ္မာနှင့် အစဉ်အလာဆိုင်ရာ နိုင်ငံတကာညီလာခံတွင် ဆရာ ဦးသော်ကောင်း ဖတ်ကြားသော စာတမ်းဖြစ်ပါသည်။ဦးသန်းထွတ် (တိုက်စိုး) ၏ အကူအညီဖြင့် ဆရာ ဦးသော်ကောင်း ရေးသော စာတမ်းကို ခင်နှင်းဦး မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်။