【 ဆောင်းပါး 】 ပုဂံခေတ်ကစခဲ့တဲ့ တောင်ပြုန်းပွဲ (၃)

【 ဆောင်းပါး 】 ပုဂံခေတ်ကစခဲ့တဲ့ တောင်ပြုန်းပွဲ (၃)

ဒီနေ့တော့ ရန်ကုန်ပြန်ဖို့ စဉ်းစားမှရတော့မည်၊ သူငယ်ချင်းသုံးယောက်ကလည်း နောက်မှာ လုပ်ငန်းကိုင်ငန်း အသီးသီးရှိသည်၊ သူငယ်ချင်း သိန်းထွန်းက ဒန်သတ္တုစက်ရုံ၏ အရောင်းကိုယ်စားလှယ်ဖြစ်၍ သိန်းဟန်ကြီးက အသက်ကြီးပြီဖြစ်သော မိခင်ကြီးနှင့်အတူနေသည်၊ ကျနော့်မီးသွေးလုပ်ငန်းကလည်း သစ်တောနှင့် ဆက်ဆံ ရသော ပါမစ်၊ မျှောစာ စသည်တို့ ကိစ္စများရှိသည်၊ ချောက် တစ်ဘက်ကမ်း ဆိပ်ဖြူ၊ စလေ၊ စလင်းက မော်တော်နှင့် တင်ပို့လိုက်သော မီးသွေးများကို ကြည့်မြင်တိုင်၊ ကမာရွတ်၊ ဘုရင့်နောင် ဆိပ်ကမ်းများကနေ ကားနှင့်တင်ကာ ရန်ကုန်ဆိုင်များကို ချပေးရသည်၊ လုပ်ပေးသူရှိသည့်တိုင် တင်ရချရသောကြောင့် အိတ်အရေအတွက်များလျှင် မနိုင်မနင်းဖြစ်တတ်သည်။

ခေတ်က သိပ္ပံခေတ်ထဲရောက်နေသည်မှာ ကြာပြီဖြစ်သည်။သို့သော် လူဦးရေ ၅၂ သန်းထဲတွင် ၈၀ % က ကျေးလက်တောရွာမှာ နေကြသည်၊ လယ်ယာချောင်းမြောင်းဖြင့် လုပ်ကိုင်စားသောက် နေထိုင်နေကြဆဲဖြစ်သည်၊ ယခု နောက်ဆုံးအခြေအနေတွင် အထက်တန်းပညာအောင်သူ ဘယ်လောက်ရှိသနည်း။သိပ်များလှသေးသည်မဟုတ်။ခေတ်ပြောင်းချင်လျှင် ပညာရေးကို အရင်တိုးတက်အောင်လုပ်ရသည်။ပညာရေးတိုးတက်လာသည်နှင့်အမျှ ခေတ်မမီသော တွေးခေါ်မှုများ ပျောက်ကွယ်သွားမည်ဖြစ်သည်။

အချို့လူ့အဖွဲ့အစည်းများမှာ အသေခံဗုံးသူများဖြင့် ဘာသာရေး၊ လူမှုရေး အစွန်းရောက်နေကြဆဲဖြစ်သည်။သို့တိုင် အနောက်ဥရောပလို နိုင်ငံများမှာပင် ဒဏ္ဍာရီများရှိနေဆဲဖြစ်သည်၊ အိုလံပစ်တောင်ပေါ်မှာ နတ်ပေါင်းစုံရှိနေဆဲဖြစ်သည်။အစွဲအလမ်းသည် မပျောက်ကြသေး။ကိုယ့်နိုင်ငံလို ခေတ်လည်းမမီသေး။ပညာရေးကလည်း လျော့ရဲရဲအခြေအနေမှာ လူထုက သူ့အစွဲနှင့်သူ နေထိုင်ကြသည်၊ မြန်မာအခေါ် သတ္တဝါကြီးများကို သတ်ဖြတ် ယဇ်ပူဇော်သော အလေ့များကလည်း ကမ္ဘာမှာ တည်ရှိနေဆဲဖြစ်သည်၊ ကျနော်တို့နတ်တွေ အတော်များများက ကျနော်တို့လိုပဲ သဘောကောင်းကြသည်၊ နှစ်လိုဘွယ်ရာဖြစ်သည်၊ ကြက်ကလေး အရက်ကလေးနှင့် နေရလျှင် ပျော်သည်။

ဒီနေ့ကတော့ မင်းညီနောင် ကိုယ်တော်ကြီး၊ ကိုယ်တော်လေးတို့ “ချိုးရေတော်သုံး” နေ့ဖြစ်သည်၊ ယခင်ကတော့ မြစ်ဆိပ်မှာ ချိုးရေတော်သုံးပေးကြသည်၊ ယခုမူ မြစ်ဆိပ်နှင့် အတော်ကြီးဝေးသွားသဖြင့် ပွဲကျင်းပရာအနီးမှာပင် ရေချိုးဆိပ်ပြုလုပ်၍ ချိုးရေတော်များ သုံးသပ်ကြမည်ဖြစ်သည်၊ ရေသုံးရန် ပြင်ဆင်ကတည်းက ဒိုးဆိုင်းနတ်ဆိုင်းမှာ နားကွဲမတတ် တီးခတ်နေကြပြီဖြစ်သည်၊ လူများတိုးနေ၍ ရုပ်တုတော်တင် “ဝေါ” စင်မှာ အတော်လှုပ်ယိမ်းနေသည်၊ ကိုယ်တော်များက အဲသည်လိုမှ ပိုပျော်သည်ဟုပြောကြသည်၊ သူတို့လုပ်နေပုံ ပြောနေပုံမှာ ညီအကိုထဲက တစ်ဦးတစ်ယောက်နှင့်အတူ ရေချိုးဆင်းနေပုံ ကစားနေကြပုံနှင့်ပင် တူနေသေးတော့သည်၊ နတ်တွေကို ချစ်စိတ်နှင့် ဆက်ဆံကြသည်၊ အမှန်ကတော့ အဲသည်နတ်တွေကို လူတွေက ဖန်တီးခဲ့ကြခြင်းသာဖြစ်သည်၊ သူတို့သည် ဗုဒ္ဓဘာသာအနေဖြင့်ကြည့်လျှင် မကျွတ်မလွတ်သေးသော နတ်စိမ်းများသာဖြစ်သည်၊

အမျိုးသားပညာဝန် ဦးဖိုးကျားက “နတ်ဖြစ်သည်ဆို၍ မှတ်သားယုံကြည် ကိုးကွယ်ကြသည်၏အကြောင်းကို စုံစမ်းရန်လိုသည်၊ လူမျိုး၊ မင်း၊ ဆင်းရဲသားကြီးငယ် စသည်ဖြင့် ပုဂ္ဂိုလ်မရွေး နတ်ဖြစ်သည်ဟု အသိအမှတ်ပြုကြသည်မှာ ထင်ရှားလေပြီ၊ နတ်ဖြစ်သည်ဟုစွဲသော အကြောင်းတို့ကား ချီးမွမ်းခြင်း၊ ကိုးကားအားကိုးခြင်း၊ မေတ္တာရှိခြင်း၊ သနားခြင်း စသည်ဖြင့် ထိုသူတို့သေဆုံးစဉ်က အုတ်အော်သောင်းသဲဖြစ်ကာ၊ လူအများသိရှိ - ထိုသေသူနှင့်စပ်၍ စိတ်တွင်စွဲလောက်အောင် ထိခိုက်လောက်အောင် တစ်စုံတရာဖြစ်ရှိမည် ဖြစ်လိမ့်မည်၊ ဥပမာ ပန်းပဲဆရာမောင်တင့်တယ်ကို အားကောင်းသည့်အတွက် ချီမွမ်းခြင်း အားကိုးခြင်း ပြုနေကြသည်။ဤအတွင်း ဘုရင်က မတရားသတ်ဖြတ်လေသဖြင့် တစ်ပြည်လုံးအုတ်အော်သောင်းသဲဖြစ်ခါ မေတ္တာစိတ်၊ သနားစိတ်ပိုလာပြီး မခံချင်စိတ် အပြင်းအထန်ဖြစ်ရလေသည်၊သို့ကြောင့်လည်း တ-သသနှင့် ချီးမွမ်းချစ်ခင် သနား-စွဲလမ်းကြခြင်းဖြစ်ရာသည်။အစွမ်းသတ္တိနှင့် အားကိုးလောက်သူဖြစ်၍ နတ်ဘဝ၌လည်း အစွမ်းသတ္တိနှင့် အားကိုးလောက်သူဖြစ်လိမ့်မည်ဟု အားကိုးကိုးကွယ်ခြင်းလည်းဖြစ်လေရာသည်၊ ထို့နောက် စကားပင်တွင် နတ်ဖြစ်နေ၍ ဖမ်းစားသည်ဟု ကျော်ဇောလာပြန်လေသည်။တစ်နည်းအားဖြင့် ဆင်းရဲသား လူရိုးလူကောင်းတစ်ယောက်ကို ဘုရင်က နိုင်ထက်စီးနင်းပြု၍ မတရားသတ်ခြင်းကို ခံရလေသည်ဟု မကျေနပ်ကြောင်း ပြသသည့်အနေ၊ ကျောက်တိုင်စိုက်သည့်အနေဖြင့် အမှတ်တစ်ခုပြု၍ ကိုးကွယ်ကြခြင်းဖြစ်သည်” ဟု ယူဆတင်ပြထားသည်။

အမျိုးသားပညာဝန် ဦးဖိုးကျား၏ ယူဆပုံမှာ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟု မြင်သည်၊ ဘုရင့်အမျက်ကိုခံရရင်း နတ်ဖြစ်သွားတာတွေ အတော်အတန်တွေ့ရသည်၊ ဘုရင်အတော်များများကလည်း ဒေါသကြီးသည်၊ သတ်ကြဖြတ်ကြရာ၌ လက်ယဉ်ကြသည်။

အချို့က ရွာနည်းချုပ်စပ်က လာကြပုံရသည်၊ တချို့ရွာများ တရွာလုံးအမျိုးတော်သကဲ့သို့ ဆက်စပ်နေကြပုံရသည်၊ ရွာခံက အိမ်ကျယ်လျှင် ကျယ်သည့်အလျောက် ဧည့်များသည်၊ အချို့အိမ်များမှာ ယမန်နှစ်ကပင် အရက်လုပ်ငန်းရှင်မိသားစုများနှင့် ရင်းနှီးခင်မင်ခဲ့ကြပုံရသည်။သူတို့လည်း ပြန်ကာနီးမို့ အထုတ်တွေပြင်ထားကြသည်။မန္တလေး အစုန်ပြန်ပို့မည့် ဘတ်စ်ကားများ တဖျောက်ဖျောက်တော့ ပြေးဆွဲနေကြပြီဖြစ်သည်၊ ရဟတ်ကြီးတွေ လှေကြီးတွေက သိမ်းဆည်းဖြုတ်တတ်ရတာတွေများသည်၊ ကာလကောင်းတုန်းက ပွဲကူးကြမ်းလျှင်ကြမ်းသလို အမြန်လုပ်ရသည်။ကုန်တင်ကားကြီးတွေဖြင့် ရွှေ့ရပြောင်းရသည်။လက်ဝင်သည်၊ အန္တရာယ်လည်းရှိသည်။

မကြာခင် ရေချိုးဆင်းလို့ပြီးသည် ထင်သည်။သပြေပန်းတွေ ကိုင်မြှောက်ခါ လူငယ်များ ခုန်ပေါက်ဝင်လာနေကြသည်။အတော်လည်းပျော်၍ အတော်လည်းမူးနေကြသည်၊ တချို့ စွပ်ကျယ်လေးတွေနှင့် တချို့မှာ စွပ်ကျယ်ပင်မကပ်တော့၊ မျက်နှာတွေလည်း နီမြန်းနေကြသည်၊ ကိုယ်တော်ကြီး၊ ကိုယ်တော်လေး တပည့်တွေဖြစ်လေတော့ ဆရာ့ထက်မသောက်နိုင် မဖြစ်စေရ၊ ကနားပွဲထဲမှာက ကိုယ်တော်ကြီးက အရက်တစ်လုံးဖောက်ကာ တစ်ချက်လောက်စုတ်ပြီး တပည့်တွေလှမ်းပေးလိုက်၊ တပည့်တွေက အပြတ်ဖြတ်လိုက်၊ ကိုယ်တော်ကြီးမူးတာထက် တပည့်တွေက ပိုမူးသည်၊ စီးကရက်လည်း သုံးလေးလိပ်မီးညှိပြီး တပည့်တွေကို လှမ်းပေးသည်။သူတို့ဖြင့် ဆေးလိပ်ကြောင့် အဆုတ်ဖြစ်ကြပုံမရ။သူတို့အရက်သောက်၍ အသည်းခြောက်ပုံမရ၊ တပည့်တွေကဖြင့် တဖြည်းဖြည်း အသဲခြောက်ကြလိမ့်မည် ထင်သည်။

အရက်တွေကတော့ ရမ်၊ ဝီစကီမှာ အနိမ့်ဆုံးဖြစ်သည်၊ ဂျော်နီလမ်းလျှောက်ပင် သိပ်ပွဲမတိုးချင်၊ ဂျက် ဒယ်နီယယ်လ်လောက်မှ ဆိုင်းဆရာ ရွာစားကလည်း မော့ကြည့်သည်၊ ပြင်သစ်နပိုလီယန်ကလည်း စင်ပေါ်မှာရှိနေသည်၊ ကိုယ်တော်ကြီးတပည့် မောင်မူးများကလည်း ကိုယ်တော်ကြီးနန်းရောက်လျှင် တစ်ပွဲတစ်လမ်း နွှဲကြပြန်သည်၊ နတ်ရာဇဝင်ကြည့်လျှင် ဆွေမျိုးတစ်သိုက်၊ မိသားစုတစ်သိုက်လုံး နတ်ဖြစ်လာကြတာတွေ့သည်၊ ကျနော်ငယ်စဉ်ကပင် အဖေက ယုံတာ၊ မယုံတာထား နတ်ရာဇဝင်များပြောပြတတ်သည်၊ တချို့ ဇာတ်ပွဲများကလည်း နတ်ရာဇဝင်တွေကို ရာဇဝင်အူပေါက် ကပြတတ်သည်။ဗမာတွေကလည်း ဇာတ်လည်းကြိုက်၍ နတ်လည်းခိုက်သည်။

အဖေပြောသော နတ်သမိုင်းအကြောင်းသည် ဇာတ်ပွဲထက်တော့ ပိုပြည့်စုံသည်၊ ဖတ်ရသိရသမျှ မင်းညီနောင်ရာဇဝင်က လူစွမ်းကောင်း ဗျတ္တနှင့် ပုပ္ပားသူ မယ်ဝဏ္ဏတို့မှ မင်းကြီး၊ မင်းလေးကို မွေးသည်က စသည်၊ ရှေ့တစ်ဖြတ်မှာ ရာဇဝင်ထဲမပါ၊ ချဲ့ချင်သလိုချဲ့၊ ချုံ့ချင်သလိုချုံ့ကြသည်၊ အကျဉ်းပြောရလျှင် ဗျတ်ဝိ၊ ဗျတ္တ လူစွမ်းကောင်းညီနောင်မှာ ပင်လယ်ထဲမျောနေရာမှ သုဏ္ဏဘူမိ (သထုံ) သို့ ရောက်လာသည်။ဓာတ်ဆရာတော် (ဖိုထိုး ဓာတ်ထိုး - ထွက်ရပ်) ဆရာတော်က ကောက်ယူမွေးစားသည်၊ ဆရာတော်မရှိစဉ် ဇော်ဂျီဖိုဝင်သားစား၍ ဆင်ပြောင်ငါး အားမာန်ကြီးကာ ကျောင်းကိုဇောက်ထိုးလုပ်ထားသည်။ပုဂံဘုရင် အနော်ရထာက လူစွမ်းကောင်းဟုသိရသဖြင့် အမှုထမ်းရန်ခေါ်သည်။ပုပ္ပားတောင်မှ ပန်းခူး၍ အနော်ရထာမင်းကြီးထံ နေ့စဉ်ပန်းဆက်ရသည်။ဟိုတုန်းက ပုဂံနှင့် ပုပ္ပားမှာ လမ်းရှိသည်မဟုတ်၊ လူစွမ်းကောင်းမို့သာ နေ့စဉ်ဆက်နိုင်ခြင်းဖြစ်သည်။ပန်းဆက်သမားနှင့် ပုပ္ပားသူ မယ်ဝဏ္ဏနှင့် ချစ်ကြိုက်ပေါင်းသင်းရာမှ မင်းကြီး၊ မင်းလေးကိုရသည်။ဘုရင့်အမိန့်ဖြင့် မင်းညီနောင် နန်းတွင်းရောက်ရသည်။ဘုရင်တည်သော ဘုရားတွင် အမှုထမ်းပေါ့လျော့ လစ်လပ်သဖြင့် ဘုရင့်အမိန့်ဖြင့် အသတ်ခံရသည်။

ကျနော်တို့က မဖြစ်မနေ ရန်ကုန်သို့ပြန်ရတော့မည်ဖြစ်သည်၊ “ဘုရားလည်းဖူး လိပ်ဥလည်းတူး” ဆိုသလို မတ္တရာ တောင်ပြုန်းလည်းရောက်ဖူး၊ ခရီးစဉ်လည်း လေ့လာခွင့်ရ၊ ခြေမရှည်တော့လျှင် အိမ်ရောက်ပေတော့မည်။

ဗဖူးနှင်းဆီ