【 နိုင်ငံတကာဆောင်းပါး 】 စွေးလူမျိုးစုတို့၏ ရိုးရာပုံစံ ထင်းရှူးအဆောက်အအုံ

【 နိုင်ငံတကာဆောင်းပါး 】 စွေးလူမျိုးစုတို့၏ ရိုးရာပုံစံ ထင်းရှူးအဆောက်အအုံ

တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ တုရှန်းခရိုင်၊ ယင်းရှန်းမြို့တွင် ဆောက်လုပ်ထားသော ထင်းရှူးနှင့် သစ်သားအဆောက်အအုံသည် နန်းတော်ကဲ့သို့ ခမ်းနားထည်ဝါလှသည်။
 
၎င်းအဆောက်အအုံသည် သံတစ်ချောင်းမှ မပါဝင်ဘဲ ဆောက်လုပ်ထားခြင်းဖြစ်သည်။
 
အဆိုပါအဆောက်အအုံသည် စွေးလူမျိုးစုတို့၏ ရိုးရာအိမ်များကဲ့သို့ ဖန်တီးထားခြင်းဖြစ်ပြီး ၉၉ မီတာ (၃၂၄ ဒသမ ၈ ပေ) မြင့်သည်။အလွှာအထပ် ၂၄ ထပ်ရှိပြီး အခန်းပေါင်း ၁၅၀ ကျော်ပါဝင်သည်။အဆောက်အအုံအား ခိုင်ခံ့စေရန် ထင်းရှူးပင်နှင့် သစ်သားများကို အသုံးပြုထားပြီး ထင်းရှူးအခေါက် ဖုံးအုပ်ထားသည်။နံရံများကို သစ်သားဖြင့် ဆောက်လုပ်ထားသည်။ထူးခြားသည့် ဗိသုကာပုံစံသည် ရေကြီးခြင်းကို ကာကွယ်ရန်အတွက်လည်း ဖန်တီးထားပြီး အုတ်တံတိုင်းများပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံဖြစ်သည်။သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ဒီဇိုင်းဖန်တီးထားပြီး ပတ်ဝန်းကျင်ရှုခင်းနှင့် အံဝင်ခွင်ကျ လှပနေလျက်ရှိသည်။
 
သစ်သားဗိသုကာတို့သည် တရုတ်ရိုးရာ အဆောက်အအုံများတွင် အဓိကကျစွာ ပါဝင်သည်။ရိုးရာဗိသုကာ လက်ရာအများစုအတွက် သစ်သားကို ပိုမိုနှစ်သက်ကြသည်။သစ်သားသည် ကံကောင်းပြီး ထုတ်လုပ်ရလွယ်ကူသည် ဟု ရှေးတရုတ်ဒဿနများတွင် ဖော်ပြထားသည်။
 
အဆိုပါအဆောက်အအုံကို ဗိသုကာပညာရှင် Shui Hang က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။တည်ဆောက်ခြင်းကို အချိန်ကာလနှစ်နှစ်ခန့် အချိန်ယူခဲ့ရပြီး ဒီဇိုင်းဆွဲသည့်ကာလက သုံးနှစ်မျှကြာခဲ့သည်ဟု သိရသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က တရားဝင်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ခဲ့သော နေရာတစ်ခုဖြစ်ခဲ့သည်။ထိုကဲ့သို့ ထူးခြားမှုများဖြင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို ဆွဲဆောင်မှုတစ်ခုတိုးခဲ့သည်။
 
ကိုဗစ်မတိုင်မီက ထင်းရှူးအဆောက်အအုံနေရာသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့သည်။၎င်းအဆောက်အအုံတွင် စွေး (Sui) လူမျိုးများ၏ ယဉ်ကျေးမှု၊ ယုံကြည်ချက်များနှင့် သမိုင်း ရှုထောင့်အမျိုးမျိုးကို ကိုယ်စားပြုထားသည့် သင်္ကေတများ ပါဝင်သည်။
 
သစ်သား၊ ထင်းရှူးပင်အခေါက်များကို အသုံးပြုခြင်းက ရိုးရာလက်မှုပညာတစ်ခုကဲ့သို့ ထင်ဟပ်စေရုံသာမက ရေရှည်တည်တံ့သော တည်ဆောက်မှုပိုင်းဆိုင်ရာ အလေ့အကျင့်များကိုလည်း ဖော်ပြထားသကဲ့သို့ဖြစ်သည်။ရိုးရာ ဓလေ့နှင့် ခေတ်မီဗိသုကာပညာတို့ကို လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်ဖန်တီးမှုတစ်ခုဖြစ်၍ ဒေသတွင်း ခရီးသွားဧည့်သည်များအကြား စွဲမက်ဖွယ်ကောင်းလှသည်။ထိုကဲ့သို့ လက်ရာကောင်းများစွာဖြင့် တည်ဆောက်ထားသော အဆောက်အအုံအကြောင်း၏ နောက်ခံသမိုင်းတွင် စွေးလူမျိုးတို့၏ ယဉ်ကျေးမှုကလည်း အံ့မခန်းဖြစ်သည်။
 
စွေး (Sui) လူမျိုးများသည် တရုတ်နိုင်ငံရှိ လူမျိုးစုတစ်ခုဖြစ်ပြီး ကွေ့ကျိုး (Guizhou) ပြည်နယ်တွင် အဓိကနေထိုင်ကြသည်။၎င်းတို့တွင် ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များရှိပြီး ၎င်းတို့၏ ရိုးရာဗိသုကာ လက်ရာများသည် ၎င်းတို့၏လူနေမှုပုံစံ၊ ရာသီဥတုနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထင်ဟပ်စေသည့် ထင်းရှူး သစ်သားအဆောက်အအုံများကို ဖန်တီးကြသည်။
 
စွေးလူမျိုးတို့သည် ဟန်မင်းဆက်မတိုင်မီကတည်းက တရုတ်ပြည်တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသော ရှေးခေတ် Baiyue လူမျိုးများမှ ဆင်းသက်လာသော လူမျိုးဖြစ်သည်ဟု သုတေသနပညာရှင်တို့ ဖော်ပြခဲ့သည်။လက်ရှိကာလ၌ ၎င်းလူမျိုးများသည် ကွေ့ကျိုးပြည်နယ်တွင် အများစုနေထိုင်ပြီး ယူနန်ပြည်နယ်ရှိ ခရိုင်များနှင့် ဗီယက်နမ်မြောက်ပိုင်း ခရိုင်များတွင်လည်း နေထိုင်ကြသည်။
 
စွေးလူမျိုးစုများသည် ရှေးခေတ်က အိမ်များကို ထင်ရှူးသားများဖြင့် တည်ဆောက်ကြပြီး ယနေ့ခေတ်တွင် အုတ်များဖြင့် တည်ဆောက်ကြသည်။၎င်းလူမျိုးများသည် ကိုယ်ပိုင်ဘာသာစကားနှင့် ရိုးရာပုံစံ အရေးအသားများရှိကြသည်။စွေးလူမျိုးအများစုနေထိုင်ရာ ကွေ့ကျိုးပြည်နယ်ကလည်း တရုတ်နိုင်ငံတွင် သဘာဝအလှအပ၊ သမိုင်း ဝင်နေရာများစွာဖြင့် ထင်ရှားသော ပြည်နယ်တစ်ခုဖြစ်ပါသည်။တောင်တန်းများကြားတွင် အေးချမ်းလှသည့် တောင်ပေါ် ဒေသတစ်ခုဖြစ်သည်။ 
 
ကွေ့ကျိုးပြည်နယ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး တောင်တန်း များပတ်လည်ဝိုင်းနေသော ဒေသတစ်ခုဖြစ်သည်။တရုတ်နိုင်ငံသည် ခေတ်မီနည်းပညာများ တိုးတက်အထွန်းကားဆုံး နိုင်ငံကြီးများထဲတွင် ပါဝင်နေသလို ရှေးခေတ် ရိုးရာဓလေ့ ယဉ်ကျေးမှုတို့ကိုလည်း အလေးထား ထိန်းသိမ်းသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ကွေ့ ကျိုးပြည်နယ်၊ တုရှန်းခရိုင်၊ ယင်းရှန်းမြို့တွင် ဆောက်လုပ်ထားသော ဧရာမအဆောက်အအုံကဲ့သို့ ပြည်နယ်တော်တော်များများ၌ ထူးခြားသော ဗိသုကာလက်ရာများစွာရှိသည့် အဆောက်အအုံများစွာလည်း ရှိနေပါသေး သည်။
 
တရုတ်ရိုးရာ ဗိသုကာပညာရပ်များဖြင့် ဆောက်လုပ်ကြသည့် အိမ်များသည်  အခြားယဉ်ကျေးမှုဒေသများနှင့် ကွဲပြားစေမည့် အရည်အသွေးအစုံကို ထည့်သွင်းထားခြင်းဖြစ်သည်။စွေးလူမျိုးများ၏ ရိုးရာဗိသုကာ လက်ရာများအတိုင်း ဆန်းသစ်တီထွင်ဆောက်လုပ်ထားသော အဆောက်အအုံသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် အံ့ဩဖွယ်ရာ လေ့လာမှုတစ်ခုအဖြစ် တိုးလာပါသည်။
 
အမွန်