【 နိုင်ငံတကာဆောင်းပါး 】 နဝမအကြိမ်မြောက်ပွဲတော် (သို့) ချုံယန်ပွဲတော်

【 နိုင်ငံတကာဆောင်းပါး 】 နဝမအကြိမ်မြောက်ပွဲတော် (သို့) ချုံယန်ပွဲတော်

တရုတ်ရိုးရာပွဲတော်တွေကို လေ့လာရင် ထူးခြားချက်က လနဲ့ ရက် ထပ်တူဖြစ်တဲ့ ပွဲတော်တွေက အများစုရှိနေတာ တွေ့ရမှာဖြစ်ပါတယ်။

ဥပမာဖော်ပြရရင် တရုတ်လ (၅) လပိုင်း၊ (၅) ရက်နေ့မှာဆိုရင် နဂါးလှေပွဲတော်၊ တရုတ်လ (၇) လပိုင်း (၇) ရက်မှာဆိုရင် ချီရှီ (Qixi) ပွဲတော် စတဲ့ ထပ်တူကျလျက်ရှိတဲ့ ပွဲတော်တွေ ရှိနေကြပါတယ်။ဒါကြောင့် ဒီတစ်ခါ ဆောင်းပါးကဏ္ဍမှာတော့ နောက်ထပ် ထပ်တူကျတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ (၉) လပိုင်း (၉) ရက်နေ့မှာ ကျရောက်တဲ့ နဝမအကြိမ်မြောက်ပွဲတော် (Double Ninth Festival) (သို့) ချုံယန် (Chongyang) ပွဲတော်အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီပွဲတော်ဟာ အခု ၂၀၂၄ မှာတော့ ခရစ်ပြက္ခဒိန်အရ အောက်တိုဘာလ ၁၁ ရက်မှာ ကျရောက်နေပြီး ပွဲတော်အကြောင်းကို မိတ်ဆက်ရရင် ဒီပွဲတော်ဟာလည်း ချုံယန် (Chongyang) ဆိုတဲ့ ပွဲတော်ရဲ့ နာမည်ကနေ စပြီးတော့ အလေးအနက် တည်ရှိနေတာဖြစ်ပါတယ်။ချုံယန် (Chongyang) ပွဲတော်ကို Double Ninth Festival လို့ အင်္ဂလိပ်လိုဖြစ်ပြီး၊ မြန်မာလို တိုက်ရိုက်ပြန်ဆိုရရင် (၉) နှစ်လုံး ပွဲတော်လို့ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တရုတ်လူမျိုးတွေက ဒီပွဲတော်ကို တရုတ်နာမည်အတိုင်း ချုံယန် (Chongyang) ပွဲတော်လို့ပဲ ခေါ်ကြပါတယ်။ Chong ဆိုတာက (၂) ခုလို့ အဓိပ္ပါယ်ရပြီး yang ဆိုတာက (၉) ဂဏန်းကို ကိုယ်စားပြုလို့ တရုတ်ပြက္ခဒိန်အရ (၉) လပိုင်း (၉) ရက်နေ့မှာ ကျရောက်တဲ့ ဒီပွဲတော်ဟာ (၉) နှစ်လုံး ဖြစ်တဲ့အတွက် ချုံယန် (Chongyang) ပွဲတော်ရယ်လို့ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

           သမိုင်းနဲ့ ဒီနေ့ခေတ်လှုပ်ရှားမှု

ဒီပွဲတော်ကို ထန်မင်းဆက် (Tang Dynasty) ခေတ်ထဲက ရိုးရာပွဲတော်တွေထဲ ပါရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။ထန်မင်းဆက်ခေတ် ကဗျာဆရာတွေဟာ ဒီချုံယန် (Chongyang) ပွဲတော်နဲ့ သက်ဆိုင်တဲ့ ကဗျာများစွာကို ဖန်တီးခဲ့ကြတယ်လို့ ဆိုပါတယ်။အဲဒီခေတ်ကာလမှာတွေ့ရတဲ့ ချုံယန်ပွဲတော်အကြောင်း ကဗျာတွေမှာဆိုရင် ရေမြေသဘာဝအလှတရားတွေ ပွဲတော်ကာလ လှုပ်ရှား ဖြစ်တည်မှုတွေကို အများအပြားရှိခဲ့ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်လည်း ပွဲတော်အတွင်း လူတွေက သဘာဝရှုခင်းတွေ ခံစားရင်း မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အတူတကွ လူကြီးမိဘ၊ သက်ကြီးရွယ်အိုတွေကို ဂါရဝပြုတာ၊ တောင်တက်တာ၊ ချုံယန် (Chongyang) မုန့် လုပ်စားတာ၊ ဂန္ဓမာပန်း ဆင်မြန်းတာနဲ့ ဂန္ဓာမာပန်းဝိုင် သောက်သုံးတာတွေကို ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

           သက်ကြီးရွယ်အိုများနေ့လည်းဖြစ်တဲ့ ချုံယန်

ချုံယန် (Chongyang) ပွဲတော်ကို အခြားတစ်ဖက်မှာတော့ အဓိပ္ပါယ်နောက်တစ်မျိုးနဲ့ ဖွင့်ဆိုခဲ့ကြပါတယ်။အဲဒီမှာဆိုရင်တော့ (၉) ဂဏန်းကို တရုတ်လို ကျို (jiu) လို့ခေါ်ပြီး “ရှည်လျားခြင်း” လို့ အဓိပ္ပါယ်ဖွင့်တာဖြစ်ပါတယ်။အယူအဆအရ ဒါကို တရုတ်လူမျိုးတွေက အသက်ရှည်ခြင်းအဖြစ် မှတ်ယူကြတာဖြစ်ပါတယ်။ဒီလိုနဲ့ ၁၉၈၉ ခုနှစ်မှာတော့ ချုံယန် (Chongyang) ပွဲတော်ဟာ သက်ကြီးရွယ်အိုများနေ့ Senior's Day အဖြစ် သတ်မှတ်ခံရပါတယ်။ဒါကြောင့် သက်ကြီးရွယ်အိုတွေကို ဂါရဝပြုကြတာဖြစ်ပါတယ်။ဒီလိုဂါရဝပြုမှုတွေထဲ လူကြီးမိဘတွေကို ပျော်ရွှင်ပြီး စိတ်ကြည်နူးစေဖို့ အဓိကထားလုပ်ဆောင်ကြတာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့  စမတ်ဖုန်းအသုံးပြုနည်း သင်ပေးတာ၊ ကွန်ပျူတာအသုံးပြုနည်း သင်ပေးတာတွေကို ခေတ်နဲ့အညီ ထည့်သွင်းပြုလုပ်လာကြပြီဖြစ်ပါတယ်။

           တောင်တက်ခြင်းလှုပ်ရှားမှု

Chongyang ပွဲတော်ကို အမြင့်တက်ပွဲတော် (Height Ascending Festival) လို့လည်း ခေါ်ဆိုခဲ့ကြပါတယ်။ဒီလှုပ်ရှားမှုကတော့ ရှေးခေတ် တရုတ်ပြည်ကာလကနေ စခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပြီး လူတွေက များသောအားဖြင့် တောင်တွေ ဒါမှမဟုတ် မျှော်စင်တွေ တက်ကြတာလည်းဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ မဟာတံတိုင်းကြီးလို နေရာမျိုးကို ပွဲတော်ကာလမှာ အသွားအလာများကြပါတယ်။ဒီဓလေ့ကို အရှေ့ဟန်မင်းဆက်ခေတ်မှာ စတင်ခဲ့တယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။

           ချုံယန် (Chongyang) ကိတ်မုန့်စားခြင်း

သမိုင်းမှတ်တမ်းတွေအရ ချုံယန် (Chongyang) ကိတ်မုန့်ကို ပန်းကိတ်၊ ဂန္ဓမာကိတ်နဲ့ အရောင်ငါးမျိုးကိတ်မုန့်လို့လည်း ခေါ်ကြပါတယ်။ကိတ်မုန့်ပုံစံကတော့ မျှော်စင်လို အလွှာ (၉) လွှာပါတဲ့ ကိတ်မုန့်ဖြစ်ပါတယ်။တချို့လူတွေက ကိတ်မုန့်ရဲ့ထိပ်မှာ အနီရောင်အလံလေးကိုတင်ပြီး ဖယောင်းတိုင်ထွန်းကြလေ့ရှိပါတယ်။

           ဂန္ဓာမာပန်းဝိုင် သောက်သုံးခြင်း

ဒီပွဲတော်မှာ ထူးခြားတာတစ်ခုက ဂန္ဓမာပန်း ဆင်မြန်းတာနဲ့ ဂန္ဓာမာပန်းဝိုင် သောက်သုံးတဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။သမိုင်းကြောင်းမှာတော့ ဒီအလေ့အထကို ပထမဆုံးလုပ်ဆောင်ခဲ့တဲ့သူက Jin မင်းဆက်ခေတ်က ကဗျာဆရာ Tao Yuanming ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။နာမည်ကြီး Tao Yuanming ဟာ ဂန္ဓမာကို ဆင်မြန်းရတာ နှစ်သက်ပြီး လူအများက သူ့ဝတ်စုံကို သဘောကျကြသလို ဂန္ဓမာဝိုင် သောက်တာကိုလည်း နှစ်သက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဆောင်းမင်းဆက်ခေတ်မှာလည်း ဂန္ဓမာဝိုင် သောက်သုံးတာက ရေပန်းစားလာပြီး ဒီပွဲတော်နေ့မှာ အရေးကြီးတဲ့လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

           Zhuyu ပန်းခက်တွေကို ဆင်မြန်းခြင်း

ဒီအလေ့အထကတော့ ချုံယန် (Chongyang) ပွဲတော်အတွင်း ထန်မင်းဆက် (Tang Dynasty) ခေတ်မှာ ရေပန်းစားခဲ့တဲ့ လှုပ်ရှားမှုတစ်ခုလို့ ဆိုပါတယ်။ဒီမှာဆိုရင် ဦးခေါင်းနဲ့ အင်္ကျီအဝတ်တွေမှာ Zhuyu ပန်းခက်တွေကို ထိုးစိုက်ဆင်မြန်းကြတာဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေမှာ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ဒါဟာ ဘေးအန္တရာယ်တွေကနေ ရှောင်ရှားနိုင်တယ်လို့ ရှေးလူတွေက ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ Zhuyu ပန်းခက်တွေကို ထိုးစိုက်ပန်ဆင်တဲ့ လှုပ်ရှားမှု မရှိတော့ဘူးလို့ ဆိုပါတယ်။

           ချုံယန် (Chongyang) ပွဲတော် ဒဏ္ဍာရီ

တရုတ်ရိုးရာပွဲတော်တွေကို သေချာလေ့လာကြည့်မယ်ဆိုရင် တစ်ခုချင်းစီမှာ ဒဏ္ဍာရီတွေရှိတတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ချုံယန် (Chongyang) ပွဲတော် ဇာတ်ကြောင်းမှာတော့ အရှေ့ဟန်မင်းဆက် ခေတ်က နူ (Nu) မြစ်ထဲမှာ ရွာသားတွေကို ရောဂါ၊ အနာရောဂါဖြစ်အောင် ဒုက္ခပေးတဲ့ နတ်ဆိုးတစ်ကောင် ရှိခဲ့ပါတယ်။နောက်တော့ နတ်ဆိုးကြောင့် ဟိန်းကျင် (Hengjing) လို့ခေါ်တဲ့ ကလေးအဖေတစ်ယောက် သေဆုံးခဲ့ရပါတယ်။ရွာသားတွေဟာ နတ်ဆိုးကို နှင်ထုတ်ချင်ခဲ့ကြပြီး သေဆုံးသွားတဲ့ ဟိန်ကျင်ကတော့ (Hengjing) နတ်ဆိုးကို ဖယ်ရှားသုတ်သင်ဖို့ ထာဝရနတ်ဘုရားကို ရှာပုံတော်ဖွင့်ပါတော့တယ်။

နောက်ဆုံးတော့ ဟိန်းကျင် (Hengjing) ဟာ နတ်ဘုရားနဲ့တွေ့ခဲ့ပြီး နတ်ဆိုးကို ဖယ်ရှားဖို့ နည်းလမ်းရသွားကာ Zhuyu ပန်းပင်နဲ့ ဂန္ဓာမာပန်းဝိုင်ကိုယူပြီး သူ့ရွာကို ပြန်လာခဲ့ပါတယ်။တရုတ်လ (၉) ပိုင်း (၉) ရက်နေ့မှာ ဟိန်းကျင် (Hengjing) ဟာ ရွာသားတွေနဲ့အတူ Zhuyu ပန်းပင်၊ ဂန္ဓာမာပန်းဝိုင်တွေကို ကိုယ်စီကိုင်ပြီး အနီးဆုံး တောင်တစ်လုံးပေါ် တက်နေကြပါတယ်။နူ (Nu) မြစ်ထဲကနေ နတ်ဆိုးထွက်လာတာနဲ့ နတ်ဆိုးဟာ Zhuyu နဲ့ ဂန္ဓမာရနံ့တို့ကြောင့် မူးဝေသွားပါတယ်။အဲဒီအခိုက်အတန့်ကို ဟိန်းကျင် (Hengjing) က အသုံးချခဲ့ပြီး နတ်ဆိုးကို ဓားရှည်နဲ့ ခုတ်ပိုင်းတိုက်ခိုက်လို့ နတ်ဆိုးသေဆုံးသွားခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ တရုတ်ပြက္ခဒိန် (၉) လပိုင်း (၉) ရက်နေ့ မှာ တောင်တက်တာ၊ ဂန္ဓာမာပန်းဝိုင် သောက်တာတွေ ဖြစ်ပေါ်လာခဲ့တာလို့ ဆိုကြပါတယ်။

ဖော်ပြပေးခဲ့တာကတော့ တရုတ်နိုင်ငံရဲ့  သမိုင်းရှည်ကြာ ပြုလုပ်လာခဲ့ကြတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ ချုံယန်ပွဲတော်အကြောင်းပဲဖြစ်ပါတယ်။

လာမယ့် ဆောင်းပါးကဏ္ဍတွေမှလည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဆက်လက်ဖော်ပြပေးသွားဖို့ရှိနေတယ်ဆိုတာ အသိပေးရင်း အခုကဏ္ဍကိုတော့ ဒီမှာပဲရပ်နားလိုက်ပါရစေ …။

မိုးသား