【 နိုင်ငံတကာဆောင်းပါး 】 လေးနိုင်ငံရဲ့ ဗုဒ္ဓဘုရားကျောင်းတွေ တည်ရှိရာ မြင်းဖြူကျောင်းတိုက်

【 နိုင်ငံတကာဆောင်းပါး 】 လေးနိုင်ငံရဲ့ ဗုဒ္ဓဘုရားကျောင်းတွေ တည်ရှိရာ မြင်းဖြူကျောင်းတိုက်

ဟယ်နန်ပြည်နယ် (Henan) အတွင်းမှာရှိတဲ့ လော့ရန်မြို့ (Luoyang) ဟာ  တရုတ်နိုင်ငံ၏ ရှေးဟောင်းမြို့တော်ကြီး (၄) မြို့အနက်မှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

လော့ရန်မြို့ကို “အရှေ့တိုင်း၏ ပြတိုက်မြို့တော်” ဟူ၍လည်း တင်စားခေါ်ဝေါ်ကြပြီး အဲဒီမြို့မှာ ပြတိုက်ပေါင်း (၁၀၀) ကျော် ဖွင့်လှစ်ပြသထားပါတယ်။

လော့ရန်မြို့မှာ နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှု၊ ချစ်ကြည်ရေး ဖလှယ်ခြင်းရဲ့ သက်သေပြယုဂ်တစ်ခုဖြစ်တဲ့ နေရာလည်းရှိပါတယ်။မြင်းဖြူကျောင်းလို့လည်း နာမည်ကျော်တဲ့ အဲဒီနေရာမှာ တရုတ်နိုင်ငံအပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံ စတဲ့ လေးနိုင်ငံရဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းတွေ တည်ရှိလို့ပဲဖြစ်ပါတယ်။

လော့ရန်မြို့မှာ တည်ရှိတဲ့ မြင်းဖြူကျောင်းတော်ကို အေဒီ ၆၈ မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။မြင်းဖြူကျောင်းတော်ဟာ လော့ရန်မြို့ရဲ့ အရှေ့ဘက် ၁၂ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဘုရားကျောင်းသည် နှစ်ပေါင်း ၁၉၀၀ ကျော် သမိုင်းကြောင်းရှိပြီဖြစ်ပါတယ်။

အနောက်ဘက်သို့ ခရီးသွားခြင်းလို့ အမည်ရတဲ့ တရုတ်ဇာတ်လမ်းတွဲထဲက ထန်းစန်းဆရာတော်စီးတဲ့ မြင်းဖြူလေးကို ဂုဏ်ပြုတဲ့အနေနဲ့ မြင်းဖြူကျောင်းလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ထွန်းကားလာပြီးနောက် အစိုးရက ပထမဆုံးတည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းလို့လည်း ဆိုကြပါတယ်။ဗုဒ္ဓဘာသာကို အဲဒီမြင်းဖြူကျောင်းကနေ မြောက်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့တောင်အာရှတွေဆီ ပြန့်ပွားစေခဲ့ပြီးနောက်  အာရှတိုက်ကို ဗုဒ္ဓဘာသာ ထွန်းကားစေခဲ့သလို နောက်ပိုင်းမှာတော့ ဥရောပနဲ့ အမေရိကကိုလည်း ပြန့်ပွားစေခဲ့တယ်လို့ ဆိုပါတယ်။

၂၀ ရာစုနှစ်ကုန်ပိုင်းကစလို့ ဂျပန်နိုင်ငံက မြင်းဖြူဘုရားကျောင်းရဲ့ ခေါင်းလောင်းအဆောင်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ အလှူငွေ လှူဒါန်းခဲ့ပါတယ်။အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းအစိုးရတွေကလည်းမြင်းဖြူကျောင်းတော်မှာ ဗုဒ္ဓဘာသာဘုရားကျောင်းဆောင်တွေ တည်ဆောက်ဖို့ အလှူငွေတွေ ဆက်တိုက်ထည့်ဝင် လှူဒါန်းခဲ့ကြပြီး တည်ဆောက်ခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော တရုတ်၊ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်း လေးနိုင်ငံပုံစံ ဗုဒ္ဓဘာသာဘုရားကျောင်းဆောင်တွေ တည်ရှိတဲ့ နေရာဖြစ်လာခဲ့ပါတယ်။

မြင်းဖြူကျောင်းမှာရှိတဲ့ ခေါင်းလောင်းတော်က လော့ရန်မြို့ရဲ့ နာမည်ကျော်ရှစ်ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။တရုတ်နိုင်ငံတွင် ပထမဆုံးသော ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် မြင်းဖြူကျောင်းသည် တရုတ်ဗုဒ္ဓဘာသာသမိုင်းနှင့် တရုတ်နိုင်ငံ၏ နိုင်ငံတကာယဉ်ကျေးမှု ဖလှယ်မှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးနောက်တွင် အစိုးရအဆက်ဆက် ဘုရားကျောင်းကို အာရုံစိုက်ခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ အကြိမ်ကြိမ် ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။  

မြန်မာနိုင်ငံက ကုန်ကြမ်းပစ္စည်းတွေ၊ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အလှူငွေတွေနဲ့ တည်ဆောက်ပူဇော်ထားတဲ့ မဟာစိနပဘာစေတီတော်ဟာလည်း လော့ရန်မြို့က  မြင်းဖြူကျောင်းဝန်းကြီးထဲမှာ တည်ရှိပါတယ်။

အခုထိတိုင် မြင်းဖြူကျောင်းဝန်းထဲမှာ အဖိုးတန်ဗိသုကာလက်ရာများနှင့် ဗုဒ္ဓရုပ်ပွားတော်များစွာနှင့် သမိုင်းမှတ်တမ်းများကို ထိန်းသိမ်းထားပါတယ်။

ဒါကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်း ဗုဒ္ဓဘာသာဝင်တွေ လာရောက်ဖူးမျှော်ကြတဲ့ အထွတ်အမြတ်နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ခန့်မောင်