【 အားကစား 】 PSG အသင်းရဲ့ ကစားသမားသစ်ဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

【 အားကစား 】 PSG အသင်းရဲ့ ကစားသမားသစ်ဖြစ်လာတဲ့ လီယွန်နယ် မက်ဆီ

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၆ ကြိမ်ရထားတဲ့ လီယွန်နယ် မက်ဆီရဲ့ ၂၁ နှစ်ကြာ ဘာစီလိုနာအသင်းရဲ့ ကစားသမားဘဝကတော့ ပြီးဆုံးသွားခဲ့ပါပြီ။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ PSG အသင်းထံသို့ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိသွားပြီဖြစ်ပါတယ်။

PSG အသင်းဘက်က ၎င်းတို့ဟာ မက်ဆီ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ၂ နှစ် စာချုပ်နဲ့အတူ ၁ နှစ် ထပ်မံသက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ PSG အသင်းမှာ မက်ဆီအနေနဲ့ ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး၊ ကျောနံပါတ် ၃၀ ဟာ မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝ စတင်ခဲ့ရာ အမှတ်တရနံပါတ်လည်းဖြစ်ပါတယ်။

"ကျနော့်ရဲ့ ကစားသမားဘဝ စာမျက်နှာသစ်ကို PSG အသင်းမှာ စတင်ဖို့အတွက် စိတ်လှုပ်ရှားမိပါတယ်" လို့ မက်ဆီ က PSG အသင်းရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

"PSG အသင်းနဲ့ပတ်သက်တဲ့ အရာအားလုံးဟာ ကျနော့်ရဲ့ ဘောလုံးရည်မှန်းချက်တွေနဲ့ ကိုက်ညီပါတယ်" လို့လည်း ပြင်သစ်မြို့တော်သို့ရောက်တဲ့အခါမှာ မက်ဆီ က ပြောကြားခဲ့ပြီး၊ PSG အသင်း ပရိတ်သတ်များက မက်ဆီ ကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

"ဒီအသင်း (PSG) မှာ ထူးချွန်တဲ့ ကစားသမားတွေနဲ့ နည်းပြဝန်ထမ်းတွေရှိတယ်ဆိုတာ ကျနော်သိထားပါတယ်" လို့လည်း မက်ဆီ က ပြောပါတယ်။

"PSG အသင်းနဲ့ ပရိတ်သတ်တွေအတွက် ထူးခြားတဲ့အရာတွေ တည်ဆောက်ရာမှာ ကူညီပေးဖို့ ကျနော်ဆုံးဖြတ်ထားပါတယ်၊ PARC des Princes ကွင်းကြီးထဲမှာ ကျနော်ခြေချဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ မက်ဆီ က ပြောကြားခဲ့ပါသေးတယ်။

PSG အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာပဲ အက်ကလက်စီကိုဒါဘီရဲ့ အသင်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ဆာဂျီအို ရာမို့စ်တို့ကို ခေါ်ယူနိုင်ခဲ့တဲ့အသင်းဖြစ်လာခဲ့ပြီဖြစ်ပြီး၊ ယခင်က ပြိုင်ဘက်တွေဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ရာမို့စ်တို့ရဲ့ ပူးပေါင်းမှုကို PSG အသင်းမှာ မျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ အစွမ်းပြခဲ့တဲ့ MSN (မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ) တို့ တိုက်စစ်အတွဲမှ နေမာနဲ့လည်း ပြန်လည်ပေါင်းစည်းရတော့မှာဖြစ်ပါတယ်။

PSG အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ငွေကြေးအမြောက်အမြား အသုံးပြုခြင်းမရှိပဲ ကြီးမားတဲ့အပြောင်းအရွှေ့တွေကို ဆောင်ရွက်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

PSG အသင်းဟာ ညနောက်ခံကစားသမား ဟာကီမီကိုသာ အင်တာမီလန်အသင်းကနေ ယူရို သန်း ၆၀ နဲ့ ခေါ်ယူခဲ့ပြီး၊ မက်ဆီ၊ ရာမို့စ်၊ ဝင်နယ်လ်ဒန်နဲ့ ဂိုးသမား ဒွန်နာရွန်မာတို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Linko
ပဲရစ်၊ ဩဂုတ် - ၁၁