【ဆောင်းပါး】လမ်းပန်းဆက်သွယ်ရေးနှင့်အတူဖွံ့ဖြိုးလာမည့်ဒေသများ

【ဆောင်းပါး】လမ်းပန်းဆက်သွယ်ရေးနှင့်အတူဖွံ့ဖြိုးလာမည့်ဒေသများ 

ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် ရထားလမ်းများ၊ ကားလမ်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ စသည့် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် သယ်ယူပို့ဆောင်ရေးသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ 
နိုင်ငံတကာတွင် ကုန်စည်များသယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မီးရထားလမ်းကြောင်းဖြင့် သယ်ယူပို့ဆောင်ရေးတို့ကို ပိုမိုအားကိုးလာကြသည်။ ရထားလမ်းကြောင်းများသည် ထိရောက်သော သယ်ယူပို့ဆောင်ရေးကို စွမ်းဆောင်ပေးနိုင်သည်။ လေးလံပြီးကြီးမားသော ကုန်စည်များ၊ ပမာဏများပြားသော ကုန်စည်များ တစ်နိုင်ငံမှ တစ်နိုင်ငံကို ပို့ဆောင်ရာတွင် ကုန်ကျစရိတ်များစွာ သက်သာမှုများရှိသည်။ 
မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းတို့သည် ရေကြောင်းထက် ပိုမိုမြန်ဆန်ခြင်း၊ လေကြောင်းသယ်ယူပို့ဆောင်ရေးထက် ကုန်ကျစရိတ် သက်သာခြင်း၊  မော်တော်ယာဉ်တို့ထက် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လောင်စာဆီ အသုံးပြုနည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုသက်သာခြင်း၊ မတော်တဆမှုများ ဖြစ်နိုင်ခြေနည်းပါးခြင်း၊ မြို့ပြဒေသများ၏ ယာဉ် ကြောပိတ်ဆို့မှုများကို ဖြေလျှော့နိုင်ခြင်း စသည်ဖြင့် ရထားဖြင့် သယ်ယူပို့ဆောင်ရေးသည် အားသာချက်များစွာ ရှိနေသည်။ သို့ဖြစ်၍ မီးရထားလမ်းစီမံကိန်းများသည် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွင် လွန်စွာအရေးပါနေသည်။ 
တရုတ်၊ဂျပန်၊ ကိုရီးယားနိုင်ငံများ အပါအဝင် နိုင်ငံအချို့တွင် ကျည်ဆံရထားကဲ့သို့ မြန်နှုန်းမြင့်ရထားများကို ပြေးဆွဲကြသဖြင့် သယ်ယူပို့ဆောင်ရေးတွင်သာမက အချိန်ကုန်သက်သာသဖြင့် နေ့စဉ်သွားလာလှုပ်ရှားနေသော ခရီးသည်များအတွက် အားထားစရာလမ်းကြောင်း ဖြစ်နေသည်။ 
အကျိုးသက်ရောက်မှု များစွာရှိနေသည့် မီးရထားလမ်းစီမံကိန်းများကို နိုင်ငံအချို့တွင် တိုးချဲ့ဆောင်ရွက်လာကြသည်။ မီးရထားလမ်းစီမံကိန်းများ၏ အကျိုးကျေးဇူးများထဲမှ တစ်ခုအဖြစ် တောင်အမေရိကတိုက် အရှေ့တောင်ပိုင်းတွင် တည်ရှိသော အာဂျင်တီးနားနိုင်ငံနှင့် အဝေးလံဆုံးနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတို့သည် မီးရထားလမ်းစီမံကိန်း တစ်ခုကြောင့် ကမ္ဘာ့အစွန်းနှစ်ဖက်က နှစ်နိုင်ငံသယ်ယူပို့ဆောင်ရေးတို့ လမ်းပွင့်ခဲ့လေပြီ ဖြစ်သည်။ 
တရုတ်-အာဂျင်တီးနားနှစ်နိုင်ငံမှ ရပ်ဝန်းတစ်ခုလမ်းကြောင်းကို အတူတကွ တည်ဆောက်ရာတွင် ဘယ်လ်ဂိုရမ်နို-ကုန်စည်သယ်ယူပို့ဆောင်ရေး ရထာလမ်းပြုပြင်တည်ဆောက်မှုစီမံကိန်းလည်း အပါအဝင်ဖြစ်သည်။ အာဂျင်တီးနားနိုင်ငံ၏ ဘယ်လ်ဂိုရမ်နို ကုန်စည်သယ်ယူပို့ဆောင်ရေး ရထားလမ်းတွင် မြောက်ပိုင်းရှိ အရေးပါသော ကောက်ပဲသီးနှံများထွက်ရှိရာဒေသနှင့် ရိုဆာရီယိုဆိပ်ကမ်း (Puerto Rosario) ကို ဆက်သွယ်ကုန်သွယ်လျက်ရှိသည်။ 
အရည်အသွေးမြင့်သည့် အာဂျင်တီးနား ပဲပိစပ်၊ ဂျုံ၊ ပြောင်း အစရှိသော စိုက်ပျိုးရေးထွက်ကုန်များကို ရထားလမ်းသယ်ယူပို့ဆောင်ရေးမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ သယ်ယူပို့ဆောင်ပေးနေသည်။ တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရာတွင် အရေးပါဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။အလားတူ လာအိုနိုင်ငံ၌ ဗီယင်ကျန်း-လွမ်ပရာဘွမ်၊ ဗီယင်ကျန်း-မွန်စိုက် မြန်နှုန်းမြင့်ရထားများ နေ့စဉ်ပြေးဆွဲနေပြီး ဒေသခံပြည်သူတို့၏ ခရီးသွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့ အဆင်ပြေလျက်ရှိသည်ဟု သိရသည်။ လာအိုနိုင်ငံတွင် တရုတ်နိုင်ငံနှင့် ချိက်ဆက် ပြေဆွဲနေသော တရုတ်-လာအိုမီးရထားလမ်း စီမံကိန်းကြောင့် လာအို၊ တရုတ်၊ ထိုင်းနိုင်ငံတို့၏ ကုန်သွယ်ရေး၊ ခရီးသွားလာရေးတို့ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်။ 
နိုင်ငံတကာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြီးတစ်ခုဖြစ်သော တရုတ်နိုင်ငံ၏ Belt and Road Initiative(BRI) သည် စီမံကိန်းကြီးထဲတွင် အာရှ၊ ဥရောပနှင့် အာဖရိက ဒေသအသီးသီးသို့ တရုတ်နိုင်ငံနှင့် ဆက်သွယ်ပေးသည့် မီးရထားလမ်းကွန်ရက်တစ်ခု ပါဝင်သည်။ ရထားလမ်းများသည် တရုတ်နိုင်ငံနှင့် မိတ်ဖက်နိုင်ငံများကြား စီးပွား ရေးချိတ်ဆက်မှုကို မြှင့်တင်ပေးသည့် အရေးကြီးသော ကုန်သွယ်မှုလမ်းကြောင်းများဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း  တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်း(CMEC) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ ဘေဂျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် မြန်မာဘက်မှ မူဆယ်-မန္တလေး-ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ ချိတ်ဆက် ဆောင်ရွက်မည်ဖြစ် သည်။ 
မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ဆောက်မည့် ရထာလမ်းသည် အရှည်ကီလိုမီတာ ၈၁၀ ရှိမည်ဖြစ်ပြီး မူဆယ်-မန္တလေးရထားလမ်းသည် ၄၃၁ ကီလိုမီတာခန့် ရှည်လျားမည်ဖြစ် ကြောင်း သိရသည်။  မန္တလေး-ကျောက်ဖြူ ရထားလမ်းသည် ၃၈၀ ကီလိုမီတာခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။ 
တရုတ်နိုင်ငံဘက်တွင် တည်ဆောက်နေသော ယူနန်ပြည်နယ်မှ တာလီ-ရွှေလီရထားလမ်းပိုင်း (ပထမပိုင်း) တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့်ဆက်စပ်မည့် ပေါင်စန်းရွှေလီ ရထားလမ်းကို ဆက်လက်လုပ်ဆောင်နေသည်။ 
တရုတ်-မြန်မာ ရထားလမ်း ချိတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံပြည်တွင်း ရထားလမ်းဖောက်လုပ်ခြင်းသည် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိသော ကြီးမားသည့် ဈေးကွက်ကြီးအပြင် အာရှ- ဥရောပ ကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့သည်။ 
လက်ရှိတွင်  China Railway Eryuan Engineering Group Co., Limited ၏ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုအစီရင်ခံစာကို လေ့လာလျက်ရှိပြီး တတိယအဖွဲ့အစည်းအဖြစ် အကြံပေးကုမ္ပဏီ ငှားရမ်းရန် မြန်မာ့မီးရထားက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် အာရှအလယ်ပိုင်း၊ အရှေ့တောင်အာရှနှင့် အာဖရိကရှိနိုင်ငံတို့နှင့် ရထားလမ်းဆက်သွယ်မှုကို တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိသည်။ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကဲ့သို့သော စီမံကိန်းများ တွင်လည်း နှစ်နိုင်ငံကြား လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုတိုးတက်စေရန် မီးရထားလမ်းများ ဖောက်လုပ်ခြင်းတို့ ပါဝင်ပါသည်။
တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများကြား စီးပွားရေးချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတို့ကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတကာ ရထားလမ်းစီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသည်။
Belt and Road Initiative (BRI)စီမံကိန်းသည် ၂၀၁၃ ခုနှစ်တွင် တရုတ်အစိုးရမှ စတင်ခဲ့သော ဧရာမ အခြေခံအဆောက်အအုံနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကြီးတစ်ခုဖြစ်ပြီး အာရှ၊ ဥရောပ၊ အာဖရိကနှင့် ကမ္ဘာ့နိုင်ငံများရှိ အခြားသော အခြေခံအဆောက်အအုံကွန်ရက်ကို တည်ဆောက်ရန် အာရုံစိုက်ထားခြင်း ဖြစ်သည်။ 
BRI စီမံကိန်းတွင် မြန်မာနိုင်ငံသည်လည်း အဓိကပါဝင်နေသည်။ လက်ရှိဆောင်ရွက်နေသော ရထားလမ်းစီမံကိန်းများ အောင်မြင်ပါက တရုတ်-မြန်မာနှစ်နိုင်ငံနှင့် ဒေသတွင်းစီးပွားရေးများ ပွင့်လင်းလာမည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်။ 
ရထားလမ်းစီမံကိန်းများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ ကူမင်းဘက်မှ မြန်မာနိုင်ငံနယ်စပ်နားအထိ ရထားလမ်း ဖောက်လုပ်ပြီးစီးပြီးဖြစ်သော်လည်း မြန်မာနိုင်ငံဘက်တွင် တိုက်ပွဲများနှင့်နိုင်ငံရေးအခြေအနေများကြောင့် ဆက်လက်လုပ်ဆောင်ရန် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။ 
မီးရထားအခြေခံအဆောက်အအုံသည် ကုန်သွယ်မှုကိုမြှင့်တင်ခြင်း၊ အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် ရထားလမ်းဖြင့်ချိတ်ဆက်ထားသောဒေသများတွင် ဖွံ့ဖြိုးတိုးတက်စေခြင်းစသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ပေးနိုင်သည်။ 
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန်ရှိသော တရုတ်-မြန်မာရထားလမ်းစီမံကိန်းများ အောင်မြင်ပါက ရထားလမ်းတည်ရှိရာဒေသများ၏ လမ်းပန်းဆက်သွယ်ရေးကောင်းလာမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ၊  စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။ 
 
အမွန်