【နိုင်ငံတကာဆောင်းပါး】နှစ်သစ်ကူးမှာမြင်ရတဲ့ တရုတ်စီးပွားရေးအလားအလာ

【နိုင်ငံတကာဆောင်းပါး】နှစ်သစ်ကူးမှာမြင်ရတဲ့ တရုတ်စီးပွားရေးအလားအလာ

၂၀၂၄ ခုနှစ်၏နှစ်သစ်ကူးကာလသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တိုတောင်းသော နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ပျားပန်းခတ်မျှသွားလာကြသည့် ပြည်တွင်းနှင့် ပြည်ပ ခရီးသွားများ၏မြင်ကွင်းများကိုလည်း နိုင်ငံတကာမီဒီယာဖော်ပြမှုများမှ ကျနော်တို့ မြင်တွေ့ခဲ့ရမည်ဖြစ်သည်။ ထိုမြင်ကွင်းများသည် နိုင်ငံတကာ သတင်းအချို့တွင် ဖော်ပြခဲ့သည့် တရုတ်စီးပွားရေးနှင့်ပတ်သက်ပြီး အကောင်းမမြင်မှုကို မေးခွန်းထုတ်သလို ဖြစ်ခဲ့ပြီး နှေးကွေးနေဆဲ ကမ္ဘာ့စီးပွားရေးအတွက်မူ ကောင်းမွန်သော အလားအလာပေါ်ထွန်းမှုအဖြစ် ရှုမြင်ရမည်ဖြစ်သည်။

နိုင်ငံတိုင်းဖြတ်သန်းကြသည့် နှစ်သစ်ကူးကာလသည် အစဉ်အလာအားဖြင့် အဆိုပါနိုင်ငံ၏ စားသုံးသူယုံကြည်မှုအတွက် ဘာရိုမီတာတစ်ခုအဖြစ် ရှုမြင်ကြလေ့ရှိသည်။ ထိုမျှမက  ပြည်တွင်းနှင့် နိုင်ငံတကာအတွက်ပါ စီးပွားရေးယန္တရားများ၏ အခြေခံကျကျ ခံနိုင်ရည်ရှိမှုနှင့် လိုက်လျောညီထွေရှိမှုတို့ကို မြင်နိုင်သည့် ကြမ်းခင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ ယခုနှစ် နိုင်ငံတကာနှစ်သစ်ကူးအားလပ်ရက်အတွင်း တရုတ်စားသုံးသူများ၏ သုံးစွဲမှုသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏စီးပွားရေးမည်မျှ တက်ကြွမှုရှိနိုင်သည်ကို ပြနေသည်။ ထိုသည်မှာ မကြာမီနှစ်က တရုတ်အစိုးရ၏ အလုပ်အကိုင်ဦးစားပေးမူဝါဒနှင့် ဝင်ငွေခွဲဝေမှုစနစ်တွင် ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ခြင်းများ၏ သက်ရောက်မှုကြောင့်ဖြစ်ကာ ထိုအကျိုးဆက်က တရုတ်ပြည်တွင်း အလုပ်အကိုင် အခြေအနေကို ဆက်လက်တိုးတက်နေစေပြီး စားသုံးရန်ဆန္ဒကို မြှင့်တင်ပေးသည့် အိမ်ထောင်စုဝင်ငွေကိုလည်း  စဉ်ဆက်မပြတ်တိုးလာစေခဲ့သည်။

လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ၏ နှစ်သစ်ကူးကာလသည် နှစ်ပိုင်းခွဲရမည်ဖြစ်သည်။ ယခုနှစ်တွင် တရုတ်နှစ်သစ်ကူးကာလသည် ဖေဖော်ဝါရီဖြစ်ပြီး နိုင်ငံတကာနှစ်သစ်ကူးကာလသည် ဒီဇင်ဘာအကုန် ဇန်နဝါရီ အစဖြစ်ရာ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို သုံးသပ်မည်ဆိုပါက ထိုနှစ်ခုကို ကြည့်ရမည်ဖြစ်ပြီး ယခုနိုင်ငံတကာနှစ်သစ်ကူးရက်နှင့်ပင် တရုတ်နိုင်ငံ၏ ၂၀၂၄ စီးပွားရေး အလားအလာကို ခန့်မှန်းလို့ရနေပြီ ဖြစ်သည်။

ကမ္ဘာ့အတွက် တရုတ်စီးပွားရေးသည် အရေးပါသောနေရာတွင်ရှိနေသည်။ ၅.၂ ရာခိုင်နှုန်းသာခန့်မှန်းထားသည့် ၂၀၂၃ ခုနှစ် တရုတ်စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) က နိုဝင်ဘာလတွင် ၅.၄ ရာခိုင်နှုန်းထိ တိုးတက်မည်ဟု မြှင့်တင်ခန့်မှန်းခဲ့ရသည်။ ထိုအခြေအနေကြောင့် တရုတ်စီးပွားရေးသည် ကမ္ဘာ့စီးပွားရေး၏ ငါးပုံနှစ်ပုံရှိမည်ဟု တွက်ချက်ကာ အမေရိကနှင့် ဥရောပနှစ်ခုပေါင်းမှာ ကမ္ဘာ့စီးပွားရေး၏ ငါးပုံတစ်ပုံသာရှိမည်ဟု ခန့်မှန်းခဲ့သည်။ 

ထိုသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးစွမ်းဆောင်မှုသည် လာမည့်နှစ်အထိ ပိုမိုကျယ်ပြန့်သော စီးပွားရေး အခင်းအကျင်းဆီသို့ ဦးတည်နေကြောင်း ထင်ရှားစွာပြနေသော အရိပ်အမြွက်ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်တွင်းမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များကလည်း ထိုအခင်းအကျင်းကို ပို၍အတည်ပြုဖြစ်စေသည်။

တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်စင်တာအဆိုအရ နှစ်သစ်ကူး အားလပ်ရက်သုံးရက်အတွင်း ပြည်တွင်းခရီးသွားလည်ပတ်မှုဦးရေသည် ၁၃၅ သန်းရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၅၅.၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။  ပြည်တွင်းခရီးသွားလုပ်ငန်းမှ ထိုရက်အတွင်း ၀င်ငွေသည် ယွမ် ၇၉.၇ ဘီလီယံ (ဒေါ်လာ ၁၁.၁ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၀၀.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။ တရုတ်ခရီးသွားအေဂျင်စီ Trip.com မှ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင်လည်း ပြည်တွင်းနှစ်သစ်ကူးအကြို ခရီးသွားမှာယူမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၆၈ ရာခိုင်နှုန်း တိုးလာပြီး ပြည်ပခရီးသွားမှာယူမှုတွင်လည်း  ၃၈၈ ရာခိုင်နှုန်းတိုးလာကြောင်း ဆိုသည်။

အမျိုးသားရုပ်ရှင်ဗျူရို၏အဆိုအရ အားလပ်ရက်အတွင်း ရုံဝင်ငွေစုစုပေါင်းသည် ယွမ် ၁.၅ ဘီလီယံ (ဒေါ် လာ ၂၁၅.၁ သန်း) ဖြင့် စံချိန်သစ်တင်ခဲ့သည်။ အားလပ်ရက်အတွင်း ရုပ်ရှင်ကြည့်ရှုသူအရေအတွက်မှာ ၃၆ ဒသမ ၆ သန်းရှိခဲ့ရာ ပြည်တွင်းရုပ်ရှင်များက Box Office ဝင်ငွေ၏ ၁.၄ ဘီလီယံ (ဒေါ်လာ ၂၆၈ ဒသမ ၆ သန်း) ရရှိခဲ့ရာ စျေးကွက်ဝေစု၏ ၉၂ ရာခိုင်နှုန်းရှိခဲ့သည်။

ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းများနှင့် ကပ်ရောဂါကြားတွင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်မှုသည် ယခုအခါ ဆုတ်ယုတ်မှုများ အမျိုးမျိုးကို ခံစားနေရသည်။ နိုင်ငံရေးအခြေခံတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုမှာလည်း  ဒွန်တွဲနေရာ ကမ္ဘာတစ်ဝန်းနိုင်ငံရေး မတည်ငြိမ်နေချိန်တွင် စီးပွားရေးနှေးကွေးမှုမှာ ကျွဲကူးရေပါဆိုသလို ဖြစ်သည်။ ထိုသည်နှင့် ကွဲပြားစွာ တရုတ်နိုင်ငံ၏ဆင့်ကဲ စီးပွားရေးဖြစ်ထွန်းမှုသည့် အံ့အားသင့်စရာဖြစ်သလို နှေးကွေးနေသည့် ကမ္ဘာ့စီးပွားရေးအတွက်လည်း အကောင်းဘက်က မျှော်လင့်စရာတစ်ခုဖြစ်လာသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးအခင်းအကျင်းကိုကြည့်လျှင် ၂၀၂၄ ခုနှစ်အတွက် အခွင့်အလမ်းများနှင့် စိန်ခေါ် မှုများကို ကောင်းမွန်စွာ ချိန်ခွင်လျှာညှိရန် အသင့်ရှိနေရန် ပြင်ဆင်ထားမှုရှိနေပုံရသည်။ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကဲ့သို့သော ပြည်တွင်းစားသုံးမှုနှင့် နည်းပညာဖူလုံမှု မြှင့်တင်ရန် ရည်ရွယ်သော အစိုးရမူဝါဒများသည် စားသုံးသူများ၏ ယုံကြည်မှုနှင့် စီးပွားရေး ပြန်လည်ဦးမော့လာမှုကို ဖြစ်စေသည့် အသီးအပွင့်များကို တွေ့လာနေရသည်။

ယူကရိန်းတွင်ဖြစ်နေသည့် ရုရှား၏ ရှည်လျားသော စစ်ပွဲမှသည် ဂါဇာကမ်းမြှောင်တွင် မကြာသေးမီက စတင်ခဲ့သည့် ပဋိပက္ခစစ်ပွဲများအထိ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော နိုင်ငံတကာ အကျပ် အတည်းများသည် ကမ္ဘာတစ်ဝန်းမတည်မငြိမ်ဖြစ်စေခဲ့သည်။ ထိုမတည်မငြိမ်သော ကမ္ဘာ့အတွက် တိုးတက်မှုဆိုသည်ကို အာရှအရှေ့နှင့် အရှေ့တောင်အာရှဒေသ ကွက်ကွက်တွင်သာ မြင်တွေ့ရသည်။ ထိုသည်မှာလည်း တရုတ်ကို တည်မှီကာ တိုးတက်မှုဖြစ်ထွန်းခြင်းဖြစ်၍ ကမ္ဘာ့စီးပွားရေမှာ တရုတ်၏ဦးဆောင်မှုနောက်ကို မသိမသာ လိုက်နေရသည့် အခြေအနေသို့ ရောက်လာနေသည်ကို တွေ့ရသည်။

ကမ္ဘာအခြေအနေအရ တရုတ်နိုင်ငံသည် ယခုနှစ်တွင် စီးပွားရေးကို ပိုအာရုံစိုက်ထားဟန်တူသည်။ ပေကျင်းတွင် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်က ကျင်းပသော နှစ်ပတ်လည် ဗဟိုစီးပွားရေးညီလာခံတွင် တရုတ် ခေါင်းဆောင်ပိုင်းက ၂၀၂၄ ခုနှစ်ကို စီးပွားရေးအတွက် ဦးစားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ၂၀၂၃ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာခဲ့မှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ခိုင်မာသောတိုးတက်မှုကို ရရှိလာခဲ့မှုကို သတိပြုမိခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်ကိုတွေ့ရသည်။ 

နိုင်ငံတစ်နိုင်ငံ၏ စားသုံးမှုအားကောင်းခြင်းကို အဓိကညွှန်ပြချက်တစ်ခုဖြစ်သည့် လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုတွင် တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ယွမ် ၃၈ ဒသမ ၅၄ ထရီလျံ (ဒေါ် လာ ၅ ဒသမ ၃၇ ထရီလီယံခန့်) ရောင်းချရမှုရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Goldman Sachs နှင့် UBS တို့က  ၂၀၂၄ ခုနှစ် တွင် တရုတ်နိုင်ငံ၏ စီးပွားရေးအလားအလာကို  အကောင်းမြင်ကြောင်း ဖော်ပြခဲ့သည်။Goldman Sachs က တရုတ်စားသုံးမှုသည် ၂၀၂၄ ခုနှစ်တွင်လည်း  ၂၀၂၃ ခုနှစ်ကရရှိခဲ့သည့် ပြန်လည်နာလန်ထူလာသည့်အရှိန်အတိုင်း ဆက်လက်ရှိနေဦးမည်ဟုဆိုသည်။

ထိုသည်ကို ကြည့်လျှင် နှစ်သစ်ကူးအားလပ်ရက်သည် တရုတ်၏စီးပွားရေးဆက်လက်အားကောင်းနေပြီး Goldman Sachs နှင့် UBS တို့၏ခန့်မှန်းချက်သည် မှန်ကန်နေကြောင်းကိုပါ ပြဆိုနေသည်။ ထိုသည် မှာ တရုတ်နိုင်ငံသည် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများနှင့် ရင်ဆိုင်နေရသော်လည်း  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပစ်မှတ်များအောင်မြင်ရန်အတွက် မြန်နှုန်းမြင့်မှ အရည်အသွေးမြင့် တိုးတက်မှုသို့ ကူးပြောင်းရန် လိုအပ်ချက်များနှင့်အညီ စီးပွားရေးမှာ ခိုင်မာပြီး ရေရှည်တည်တံ့သည့်လမ်းကြောင်းတွင်  လျှောက်လှမ်းနေပြီ ဖြစ်သည်ကို ပြနေလေသည်။

 စိုးငြိမ်း