【 ဆောင်းပါး 】 စွယ်စုံရ အုန်းသီးနှင့် ပြည်ပဈေးကွက်

【 ဆောင်းပါး 】 စွယ်စုံရ အုန်းသီးနှင့် ပြည်ပဈေးကွက်

မြန်မာ့ရိုးရာမုန့်များ ပြုလုပ်ရာတွင် အုန်းသီးနှင့်လွတ်သည့် မုန့်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ချိုမြမြအရသာနှင့် အုန်းရည်ကလည်း အပြိုင်အဆိုင်ပေါ်လာသည့် ဖျော်ရည်များကြားတွင် သဘာဝအရသာတစ်ခုအဖြစ် လူကြိုက်များလျက်ရှိသည်။

ပင်လယ်ကမ်းခြေကဲ့သို့ ဒေသမျိုးနှင့် အပန်းဖြေရာ ခရီးစဉ်ဒေသများမှာဆိုလျှင် အုန်းစိမ်းရည်သောက်ရင်း အပန်းဖြေမှုများ ခေတ်စားလျက်ရှိသည်။ပူပြင်းသော နေရောင်အောက်တွင် သွားလာလှုပ်ရှားနေသူများအတွက် အုန်းစိမ်းရည်တစ်ခွက်သည် အိုအေစစ်ကဲ့သို့ပင် လူကိုလန်းဆန်းစေသည်။

မြန်မာပြည်တွင် ရှေးကာလကပင် အုန်းသီးနှင့်ပြုလုပ်သော အစားအစာ၊ မုန့်ပဲသရေစာ၊  အုန်းစိမ်းရည်သာမက အုန်းဆီ၊ အုန်းဆံကြိုး အစရှိသော အုန်းထွက်ပစ္စည်းမျိုးစုံ၊ အုန်သီးအခွံလက်မှုပစ္စည်းတို့ကို ထုတ်လုပ်အသုံးပြုခဲ့ကြသည်။ခေတ်ကာလတိုးတက်လာသည့်အခါ အလှကုန်နှင့် စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုကြသည်။အုန်းတစ်ပင်မှ အမယ်စုံစွာ အသုံးဝင်မှုများကို မြင်တွေ့ရမည်ဖြစ်သည်။ထိုသို့သာမက ဘုရားကန်တော့ပွဲ၊ နတ်ကန်တော့ပွဲများတွင်လည်း အုန်းသီးသည် မြင့်မြတ်စွာပင် တခမ်းတနားပါဝင်နေသည်။

မြန်မာပြည်၏ ဒေသအများစုတွင် အုန်းပင်များစွာကို မြင်တွေ့ရမည်ဖြစ်သည်။အထွက်များသည့် ဒေသနှင့် အထွက်နည်းသည့် ဒေသဟူ၍သာ ကွာသည်။နေအိမ်ခြံဝန်းတွင် တစ်ပင်စ၊ နှစ်ပင်စ စိုက်ပျိုးကြသည်နှင့် ဧကများစွာဖြင့် စီးပွားဖြစ်စိုက်ပျိုးကြသည်တို့ ကွာသည်။ပင်လယ်ကမ်းခြေတို့ အနီးတစ်ဝိုက်တွင် အလေ့ထပေါက်နေသော အုန်းပင်တန်းများကို လှပဖွယ်ရာ မြင်တွေ့ရမည်ဖြစ်သည်။

အုန်းပင်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိရာ ဒေသများတွင် ပေါက်ရောက်သည်။ထို့ကြောင့် မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် အမြောက်အများ စိုက်ပျိုးဖြစ်ထွန်းသည်။အုန်းပင်သည် ရေအလွန်ကြိုက်သော အပင်ဖြစ်သည်။အလွန်စေးသောမြေနှင့် ကျောက်စရစ်ဆန်သော မြေမျိုးမှလွဲ၍ ကျန်မြေများတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။အနည်းဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်ရှိပြီး မိုးရေချိန် ၃၀-၇၀ လက်မ ရွာသွန်းလျှင် စိုက်ပျိုးနိုင်သည်။

မြန်မာ့မြေပေါ်က အုန်းသီးများသည် ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်တွင် ပိုမိုတွင်ကျယ်သည်။မြန်မာနိုင်ငံတွင် အုန်းသီးပြည်တွင်းစားသုံးမှုက ၈၀ ရာခိုင်နှုန်းရှိပြီး ပြည်ပတင်ပို့မှုက ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်။ပြည်ပပို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှလည်း ဝယ်ယူကြသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။  

လက်ရှိတွင် တရုတ်နိုင်ငံ၌ အုန်းသီး၊ အုန်းရည်နှင့် အုန်းသီးနှင့် ဆက်စပ် စားသောက်ကုန်များကို ပို၍လူကြိုက်များလာပြီး ဈေးကွက်ကျယ်ပြန့်နေသည်ဟု သိရသည်။တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်တွင် တစ်နှစ်လျှင် အုန်းသီးအလုံး သန်း (၂၀၀) ခန့် ထုတ်လုပ်သော်လည်း ပြည်တွင်းမှာ အုန်းသီးဝယ်လိုအား များပြားသည်။ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများက တရုတ်နိုင်ငံသို့ အုန်းသီးအဓိကတင်ပို့သော နိုင်ငံများဖြစ်သည်။

တရုတ်နိုင်ငံတွင် ဈေးကွက်အတွင်း ဝင်ရောက်နေသော ဖျော်ရည်အမျိုးမျိုး၌ ကျန်းမာရေးနှင့် ညီညွတ်သော ဖျော်ရည်များကို ဦးစားပေးသောက်သုံးလာသည်။လူငယ်၊ လူရွယ်၊ လူကြီးများအကြား ကျန်းမာရေးအသိများ ပိုမိုကျယ်ပြန့်လာသည်။ထို့ကြောင့် အုန်းရည်ကို သောက်သုံးမှုများလာသကဲ့သို့ အုန်းသီး အရသာပါသည့် ကော်ဖီနှင့် Buttle Tea ၊ အုန်းဂျယ်လီဖျော်ရည်များကိုလည်း လူကြိုက်များသည်။တရုတ်ဈေးကွက်တွင် လွန်စွာစားသုံးသူများနေသော အုန်းသီးနှင့် ဆက်စပ်စားသောက်ကုန်ဈေးကွက်ကို အခြားသော အာဆီယံနိုင်ငံများနည်းတူ မြန်မာနိုင်ငံမှလည်း ထိုးဖောက်နိုင်ရန် စိုက်ပျိုးသူနှင့် လုပ်ငန်းရှင်တို့ ရည်သန်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အုန်းသီးများကို အများဆုံး စိုက်ပျိုးကြသည်။လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ရေနက်ကွင်းဧရိယာများ၌ အုန်းချိုမွှေးအမျိုးအစား အုန်းသီးများကို ပြည်တွင်း၊ပြည်ပဈေးကွက်ကို ရည်ရွယ်၍ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းကို ဆောင်ရွက်နေသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။၎င်းစီမံကိန်းမှ အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် အုန်းပင်စိုက်ပျိုးမှုအများဆုံး ဒေသတစ်ခုဖြစ်သည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အုန်းသီးအဆင့်မြှင့်တင် ထုတ်လုပ်ခြင်း စီမံကိန်းအတွက် ဒေသခံများအား သင်တန်းများအား ပေးလျက်ရှိသည်။အုန်းသီးအခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်၊ ရေချိုးဆပ်ပြာ၊ အုန်းမီးသွေး အစရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန် ဒေသခံများအား သင်တန်းပေးနေခြင်းဖြစ်သည်။  

မြန်မာနိုင်ငံမှ ထွက်ရှိသည့်အုန်းသီးများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အုန်းသီးတန်ချိန် ၂၀၆ တန် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၀ ဒသမ ၀၈၂ သန်း တန်ဖိုးရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဧပြီလမှ စက်တင်ဘာလအတွင်း အုန်သီးတန်ချိန် ၃၁၉ တန် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၀ ဒသမ ၁၂၈ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ပြည်တွင်း၌လည်း မုန့်လုပ်ငန်း၊ အုန်းဆီစက်လုပ်ငန်း၊ အလှကုန်ထုတ်လုပ်သည့်လုပ်ငန်းများက အမြင့်ဈေးများဖြင့် ဝယ်ယူကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း၌ စိုက်ပျိုးသည့် အုန်းသီးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံးတင်ပို့ခြင်းဖြစ်သည်။ပြည်တွင်းဈေးကွက်ကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသည်ဟု သိရသည်။ဒေသခံ အုန်းခြံစိုက်ပျိုးသူများမှာ ကုန်ချောထုတ်လုပ်ရန် ရည်မှန်းချက်များရှိသော်လည်း နည်းပညာနှင့် ဈေးကွက်ရရှိမှု အခက်အခဲများရှိသည်ဟု အုန်းခြံစိုက်ပျိုးသော လုပ်ငန်းရှင်များထံမှ သိရသည်။

အုန်းသီးနှင့် ဆက်စပ်ထုတ်ကုန်များသည် အစားအသောက်များ၊ အလှကုန်များနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများတွင် ဘက်စုံသုံးနိုင်ခြင်းကြောင့် ပြည်ပဈေးကွက်တွင် သိသာထင်ရှားသော ဈေးကွက်က အမြဲရှိနေမှာဖြစ်သည်။သို့သော် နည်းပညာပိုင်းနှင့် အရည်အသွေးကောင်းများ ထုတ်လုပ်နိုင်မှသာလျှင် ဈေးကွက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အာရှနှင့် ပစိဖိတ်ဒေသများ၏ အပူပိုင်းဒေသများသည် အုန်းသီးအများဆုံးထုတ်လုပ်နိုင်သော ဒေသများဖြစ်ပြီး အထူးသဖြင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့တွင် အုန်းသီးထုတ်လုပ်မှုကောင်းသော နိုင်ငံများဖြစ်သည်ဟု သိရသည်။

နည်းပညာမြင့်မားလာသည်နှင့်အမျှ အုန်းသီးထုတ်ကုန်များကို စွယ်စုံသုံးလာသည်ဖြစ်၍ မြန်မာ့အုန်းသီးဈေးကွက်သည်လည်း ပြည်ပနိုင်ငံများသို့ ခြေဆန့်နိုင်ရန် ဈေးကွက်နှင့် နည်းပညာကို မျက်ခြေမပြတ်လိုက်နိုင်ရန်သာ လိုအပ်နေပါသည်။

အမွန်