【 ဆောင်းပါး 】 တရုတ်ဝယ်လက်ကြောင့် သကြားစျေးကွက် အခြေအနေကောင်းလာ

【 ဆောင်းပါး 】 တရုတ်ဝယ်လက်ကြောင့် သကြားစျေးကွက် အခြေအနေကောင်းလာ

ပြီးခဲ့သော ဒီဇင်ဘာလလယ်လောက်မှ စတင်ကာ ပြည်တွင်းသကြားစျေးကွက်တွင် ပြည်ပတင်ပို့မည့် ဝယ်လက်များ၏ အဝယ်ဆွဲမှုမှာ သိသာလာခဲ့သည်။
 
မန္တလေးစျေးကွက်အတွင်းရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများမှအပါအဝင် ရန်ကုန်စျေးကွက်ရှိ ပွဲရုံများအထိပါ ပြည်ပပို့ကုန် အဝယ်တော်များက ချိတ်ဆက်၍ ဝယ်ယူနေကြခြင်းဖြစ်သည်။ 
 
သကြားပွဲရုံများအတွက် ရောင်းပန်းလှ၍ ပျော်ရွှင်စရာကောင်းသော အခြေအနေမျိုး ကြုံရသလို အောက်ခြေစျေးကွက်တစ်လျှောက်ရှိ ကြံစိုက်ပျိုးသူများအထိပါ အကျိုးရှိစေသော အခြေအနေမျိုးဖြစ်ခဲ့သည်။
 
ထိုသို့ ပြည်ပပို့ကုန်ဝယ်လက်များမှ အဝယ်ဆွဲလာခြင်းမှာ တရုတ်နိုင်ငံဘက်မှ စျေးကောင်းပေးကာ ဝယ်ယူခြင်းကြောင့်လည်းဖြစ်ကြောင်း ပို့ကုန်ဝယ်လက်များက ဆိုကြသည်။သိသိသာသာ အဝယ်ဆွဲခြင်းကြောင့်လည်း လှောင်ထားသည့် ပွဲရုံများမှာ အကုန်ထုတ်ရောင်းလိုက်ရခြင်းများလည်းရှိခဲ့သည်။
 
လတ်တလောတွင် စျေးကွက်အတွင်းသို့ သကြားဝင်ရောက်မှုအနေအထားနှင့် အဝယ်ဆွဲမှုအနေအထားမှာ မျှချေအခြေအနေမျိုးဖြစ်သည့်အတွက် စျေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုများ မဖြစ်နိုင်သေးကြောင်း သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း (မန္တလေး) ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ထုတ်ဖော်ပြောကြားထားသည်။
 
လက်ရှိအချိန်အထိပင် မန္တလေးစျေးကွက်အတွင်း၌ပင် သကြားမှာ အရောင်းအဝယ် အကောင်းဆုံးသော အခြေအနေမျိုး ဖြစ်နေလျက်ရှိသည်။
 
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးဘက်မှလည်း ထွက်ရှိနေသည့် သကြားများလည်းရှိနေပြီး မန္တလေးနှင့် ရန်ကုန်စျေးကွက်အတွင်းသို့ ဝင်ရောက်နေသလို ပြည်ပပို့ကုန်ဝယ်လက်များ အဝယ်ဆွဲနေကြ ခြင်းဖြစ်သည်။
 
“လက်ရှိအချိန်မှာ သကြားက အရောင်းအဝယ်ကောင်းနေပေမယ့် ကုန်စည်လက်ကျန် နည်းပါးသွားတာမျိုးတွေ မရှိပါဘူး၊ နောက်ပိုင်း ဒီထက် အဝယ်ထပ်ကောင်းလာရင်တော့ သကြားလက်ကျန်ဟာ ဈေးကွက်ထဲ နည်းသွားနိုင်တယ်” ဟုလည်း ဦးဝင်းဌေးက ဆက်လက်ပြောကြားသည်။
 
ပြည်တွင်းစျေးကွက်မှ အဝယ်ဆွဲသော ပို့ကုန်ဝယ်လက်များမှာ တရုတ်စျေးကွက်သို့ အများဆုံးဦးတည်ဝယ်ယူခြင်းများရှိသော်လည်း ဗီယက်နမ်စျေးကွက်၏ ဝယ်လိုအားအခြေအနေပေါ်မူတည်၍လည်း အဝယ်ဆွဲခြင်းများရှိတတ်သည်။ 
 
မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ပြီး ဧပြီလဆန်းပိုင်းလောက်အထိ ဖြစ်သည့်အတွက် စျေးကွက်အတွင်း အဝယ်ဆွဲသလောက် စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရောင်းချနိုင်ရန် လုပ်ဆောင်နေလျက်ရှိသည်။
 
သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စာရင်းများအရ ပြည်တွင်းတွင် တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်းကျော် ထွက်လေ့ရှိပြီး ထက်ဝက်လောက်မှာ ပြည်တွင်းစားသုံး၍ ကျန်သော ထက်ဝက် လောက်ကို ပြည်ပတင်ပို့ ရောင်းချလျက်ရှိပြီး တရုတ်နှင့် ဗီယက်နမ်စျေးကွက်သို့ အဓိကတင်ပို့လျက်ရှိသည်။
 
ကမ္ဘာ့သကြားစျေးနှုန်းများမှာလည်း မြင့်မားနေသလို ပြည်တွင်းတွင်လည်း ပို့ကုန်ဝယ်လက်များ၏ သိသာစွာ အဝယ်ဆွဲမှုကြောင့် သကြားစျေးနှုန်းများမှာ ယခင်ကထက် မြင့်မားလာလျက်ရှိသည်။ ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းကာလများက ပြည်တွင်းစျေးကွက်တွင် သကြား တစ်ပိဿာလျှင် ၉၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်းတွင် အမြင့်ဆုံးအဖြစ် တစ်ပိဿာလျှင် ၁၂၀၀ ဝန်းကျင်သာရှိခဲ့သည်။သို့ရာတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဒေသပေါ် မူတည်၍ တစ်ပိဿာလျှင် ၃၈၀၀ ကျပ်မှ ၄၀၀၀ ကျပ်နီးပါးပေါက်စျေး အသီးသီးဖြစ်ပေါ်နေလျက်ရှိသည်။လက်လီစျေးကွက်တွင် အနည်းဆုံး တစ်ပိဿာ ၄၀၀၀ ကျပ်အထက်၌ရှိနေပြီဖြစ်သည်။
 
ကမ္ဘာ့သကြားစျေးနှုန်းများမှာ ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက သကြားတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး လက်ရှိတွင် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၀ ဝန်းကျင်တွင် အရောင်းအဝယ် လုပ်နေလျက်ရှိသည်။ကမ္ဘာ့သကြားစျေးနှုန်းမှာ ယခင်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပြန်လည်ကျ ဆင်းသွားခဲ့သော်လည်း ပြည်တွင်းသကြားစျေးကွက်တွင် စျေးနှုန်းများမှာ စျေးအမြင့်ပိုင်း၌သာ ဖြစ်နေလျက်ရှိသည်။
 
မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုရှိပြီး တစ်နိုင်ငံလုံးတွင်  သကြားစက်ရုံပေါင်း ၂၃ ရုံ ရှိသည်။တရုတ်စျေးကွက်သို့ သကြားတင်ပို့ခြင်းရှိသလို စက်ရုံများတွင် ကြိတ်ခွဲနိုင်ရန် ကြံကုန်ကြမ်းများကိုလည်း တင်ပို့ရောင်းချခြင်းများရှိကြသည်။
 
ယခုနှစ်တွင် စျေးကွက်အခြေအနေကောင်းခြင်း‌ကြောင့် ပြည်တွင်းသကြားစက်ရုံများက ကြံစျေးအဖြစ် တစ်တန်လျှင် ကျပ်ကိုးသောင်းသတ်မှတ်ခဲ့ရာမှ လက်ရှိ ကျပ်တစ်သိန်းကျော်အထိစျေးပေးကာ ဝယ်ယူနေလျက်ရှိသည်။လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ကြံစုစုပေါင်း ၂၈,၃၃၅ ဧက စိုက်ပျိုးခဲ့ရာမှ ပျမ်းမျှအထွက်နှုန်း ၂၉ ဒသမ ၉၅ တန် ရှိနေခဲ့သည်။ပြီးခဲ့သော ကြံရာသီချိန်က ကြံစိုက်ပျိုးမှုမှာ ဧကပေါင်း ၂၇,၈၃၈ ဧကရှိခဲ့ပြီး ပျမ်းမျှအထွက်နှုန်း (၂၃) တန်ရှိခဲ့ရာ ယခုနှစ်တွင် စိုက်ပျိုးမှုရော အထွက်နှုန်းပါ ပိုနေလျက်ရှိပြီး စျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုပ်ဆောင်နေလျက်ရှိကြသည်။
 
“နဝဒေးသကြားစက်အနေဖြင့် ဒီနှစ်မှာ ကြံတန်ချိန် ၂၀၀,၀၀၀ ခန့် ကြိတ်ခွဲဖို့ လျာထားပြီး သကြားတန်ချိန် ၁၄,၀၀၀ ခန့်၊ အင်ငါးခွသကြားစက်အနေနဲ့ ကြံတန်ချိန် ၁၃၅,၀၀၀ ခန့် ကြိတ်ခွဲဖို့ လျာထားပြီး သကြားတန်ချိန် ၁၀,၈၀၀ ခန့် ထုတ်လုပ်နိုင်မယ်လို့ မှန်းထားတယ်ဆိုတာ အသိပေးထားတာရှိပါတယ်” ဟုလည်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
 
ထိုသို့ ပြည်ပဝယ်လက်များမှ ဝယ်ယူမှုကြောင့် စျေးကွက်အတွင်း သကြားလိုအပ်ချက်ကို ကြံကြိတ်စက်ရုံများဘက်ကလည်း အလျဉ်မီအောင် ကြိတ်ခွဲလုပ်ဆောင်နေကြပြီး စက်ရုံများလိုအပ်သည့် ကုန်ကြမ်းအတွက်ကိုလည်း ကြံစိုက်တောင်သူများထံမှ စျေးများပိုပေးကာ ပမာဏတိုး၍ ဝယ်ယူခြင်းများကြောင့် ကြံစိုက် ပျိုးသည့် အောက်ခြေတောင်သူများအထိပါ အကျိုးဖြစ်ထွန်းစေခဲ့သည့် အခြေအနေတစ်ခုကို ကြုံလာစေခဲ့ကြောင်းကို ရေးသားလိုက်ရပါသည်။
 
ဧပရယ်လ်
Photo Credit - Global New Light Of Myanmar