【 ဆောင်းပါး 】 ဟင်းခတ်အမွှေးအကြိုင် ကြက်သွန်နီ၏ ပြည်ပဈေးကွက်

【 ဆောင်းပါး 】 ဟင်းခတ်အမွှေးအကြိုင် ကြက်သွန်နီ၏ ပြည်ပဈေးကွက်

ကြက်သွန်နီသည် ဟင်းလျာများထဲတွင် မပါမဖြစ်သော ဟင်းခတ်အမွှေးအကြိုင်အဖြစ်  ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သကဲ့သို့ ဆေးဖက်ဝင်သီးနှံလည်းဖြစ်သည်။

ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့သည် အစားအစာများထဲတွင် ထူးခြားသော အနံ့အရသာကို ပေးသည်။ကြက်သွန်နီသည် စားသောက်ဖွယ်ရာများ ချက်ပြုတ်သည့် မီးဖိုချောင်တွင် အမြဲရှိနေသည့် သီးနှံတစ်မျိုးဖြစ်သည်။

ကြက်သွန်နီကို အရှေ့တိုင်းသားများက ဟင်းထဲထည့်ချက်၍ စားကြသကဲ့သို့ လတ်လတ်ဆတ်ဆတ်လည်း စားကြသည်။ဥရောပတိုင်းသားများက ကြက်သွန်နီကို ဟင်းထဲတွင်သာ ထည့်၍ ချက်စားကြသည်။မြန်မာလူမျိုးများက ကြက်သွန်နီကို ပိုမိုစားသုံးကြသည်။ကြက်သွန်နီကို ဟင်းလျာများအပြင် ကြက်သွန်နီ ဆီချက် ပြုလုပ်၍ အသုတ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စသည့် အစားအစာတို့တွင် မဖြစ်မနေ စားသုံးကြပြီး မုန့်နှစ်နှင့်ရော၍လည်း ကြက်သွန်ကြော်အဖြစ် စားသုံးကြသည်။

ကြက်သွန်နီလှီးလျှင် မွှန်သော အနံ့ကို ဟင်းလျာချက်ပြုတ်သူတိုင်း  ခံစားနေကြဖြစ်သည့်အတွက် မဆန်းတော့ပေ။ကြက်သွန်နီတွင် မွှန်ပြီး အနံ့ဆိုးသောဓာတ်များ ပါရှိသော်လည်း ကျန်းမာရေးကို များစွာအထောက်အကူပြုသည်။ကြက်သွန်နီတွင် ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်း၊ သကြားဓာတ်၊ မဂ္ဂနိစ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ကာဗိုဟိုက်ဒရိတ်တို့ ကြွယ်ဝစွာပါဝင်ပြီး သတ္တုဓာတ်များလည်း ပါဝင်သည်။

ထိုကဲ့သို့ အာဟာရဓာတ်များပါဝင်သော ကြက်သွန်နီသည် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများကို မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပြီး နှလုံးကျန်းမာရေးကောင်းခြင်း၊ အိပ်ပျော်ခြင်း၊ အရေပြားနှင့် ဆံကေသာကို ကျန်းမာစေခြင်း၊ သွေးတွင်း သကြားဓာတ်များ ထိန်းညှိပေးခြင်းနှင့် အရိုးများသန်မာစေခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ပေးစွမ်းသည်။

ကမ္ဘာတစ်ဝန်း ကြက်သွန်နီစားသုံးမှု ကျယ်ပြန့်သကဲ့သို့ ကြက်သွန်နီဈေးကွက်ကလည်း နိုင်ငံတိုင်းလိုလိုပင် ဈေးကွက်အတက်အကျများဖြင့် စိတ်ဝင်စားဖွယ် အမြဲကောင်းလျက်ရှိသည်။ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ဂျပန်၊ မက္ကဆီကို၊ အီဂျစ်နိုင်ငံတို့က ထိပ်ဆုံးကဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်ဆုံးနိုင်ငံများတွင် အမြဲနေရာယူလျက်ရှိသည်။ကမ္ဘာတစ်ဝန်း ကြက်သွန်နီထုတ်လုပ်မှုတို့သည် ၂၀၂၆ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁၀၂ သန်းအထိရှိလာမည်ဟု ခန့်မှန်ထားကြပြီး တရုတ်နိုင်ငံသည် မက်ထရစ်တန်ချိန် ၂၅ သန်းဖြင့် ဦးဆောင်လျက်ရှိသည်။

တရုတ်လူမျိုးများ ကြက်သွန်နီ စားသုံးမှုသည် နှစ်စဉ် သုည ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်ဟု သိရသည်။တရုတ်နိုင်ငံအနေဖြင့် ကြက်သွန်နီ ထုတ်လုပ်မှု အားကောင်းသကဲ့သို့ ပြည်ပနိုင်ငံများမှလည်း ကြက်သွန်နီ တင်သွင်းသည်။အထူးသဖြင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီများကို အများဆုံးတင်သွင်းသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများသည် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ အများဆုံးတင်ပို့နေရခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းကစ၍ မြန်မာ့ကြက်သွန်နီများကို တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများ ဝယ်ယူမှု ပိုများလာခဲ့သည်ဟု သိရသည်။  

အိန္ဒိယနိုင်ငံမှ ကြက်သွန်နီ ပြည်ပတင်ပို့မှု အခွန်တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့ကြက်သွန်နီများကို ပြည်ပမှာယူမှုဈေးကွက် တိုးလာခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံမှ ကြက်သွန်နီများလည်း ပြည်တွင်းဈေးကွက်ထဲတွင် နေရာယူလျက်ရှိနေသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသော ကြက်သွန်နီများသည် အရသာပိုကောင်းခြင်း၊ ဟင်းအနှစ်အရသာ ပိုမိုရရှိခြင်းတို့ဖြင့် အားသာချက်များဖြင့် ပြည့်စုံသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများသည် တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကလည်း ဝယ်ယူကြသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့၏ ပြည်တွင်း ကြက်သွန်နီစားသုံးမှု မြင့်တက်လာ၍ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ခြင်းနှင့် အိန္ဒိယနှင့် မြန်မာနိုင်ငံမှ ကြက်သွန်နီများ တိုးမြှင့်ဝယ်ယူလျက်ရှိသည်။ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူ၊ မုံရွာ အစရှိသည့် ဒေသများမှ ကြက်သွန်နီများ တစ်ရက်လျှင် ကားအစီးရေ ၂၀ ကျော်ခန့် ဝင်ရောက်ကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပ စားသုံးမှုမြင့်တက်နေ၍ ပြည်တွင်းကြက်သွန်နီဈေးကွက်သည် အမြင့်ပိုင်းတွင်သာ နေရာယူလျက်ရှိနေသည်။ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးများ မြင့်တက်နေ၍ စားသုံးသူများ လျှော့စားလာကြသည့် အခြေအနေများလည်းရှိသည်။ဝယ်လိုအားများပြီး ရောင်းလိုအားနည်းလျှင် ကုန်စည်ဈေးနှုန်း မြင့်တက်ခြင်းမှာ သဘာဝဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်ခြင်းကလည်း ဈေးနှုန်းမြင့်တက်ခြင်း၏ အကြောင်းအရာတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မြေပြန့်တွင် အောက်တိုဘာလမှ နိုဝင်ဘာလအထိ စိုက်ပျိုးပြီး တောင်ပေါ်ဒေသတွင် မတ်လမှ ဇွန်လအထိ စိုက်ပျိုးသည်။မိုးရာသီစိုက် ကြက်သွန်များကို သြဂုတ်လ၊ စက်တင်ဘာလတွင် စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ထွက်ရှိသည်။ဆောင်းစိုက် ကြက်သွန်ကို နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတွင် ထွက်ရှိသည်။မြန်မာနိုင်ငံ၏ ရေမြေသဘာဝ အရည်အသွေးကောင်းမွန်၍ အရည်အသွေးကောင်းသော ကြက်သွန်နီများ ထုတ်လုပ်နိုင်သည်။

အောက်တိုဘာလအတွင်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်မှ ထွက်ရှိသော ကြက်သွန်နီများ အရည်အသွေးကောင်း၍ ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းခဲ့သည်။မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ကျေးရွာတော်တော်များတွင် ကြက်သွန်နီများ စိုက်ပျိုးကြသည်။ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီများကို ရန်ကုန်ရှိ ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို တင်ပို့သည်။

ရန်ကုန်ရှိ ဘုရင့်နောင်ဈေးကွက်အတွင်း အောက်တိုဘာလ ၂၇ ရက်က ကြက်သွန်နီ တစ်ပိဿာလျှင် ၃၆၀၀ ကျပ် ဈေးကွက်ရှိခဲ့သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ကြက်သွန်နီ တန်ချိန်တစ်သိန်း တင်ပို့ရန် ရည်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း၌ ကြက်သွန်နီ စိုက်ပျိုးသူများ ပိုမိုများပြားလာပြီး ယခင်ထက်စော၍ ကြက်သွန်နီများ စိုက်ပျိုးလာကြသည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ကြက်သွန်စိုက်ဧက ၁၇၀,၀၀၀ ကျော်ရှိကြောင်း သိရပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးထွက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံစိုက်ပျိုးမှုတို့သည် အထွက်နှုန်းလျော့ကျမှု အခြေအနေများရှိလာသည်။

ပြည်တွင်းမှာလည်း ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုဈေးကွက် ပိုမိုအားကောင်းနိုင်ရေးကို စိုက်ပျိုးတောင်သူများ မျှော်လင့်လျက်ရှိသည်။

အမွန်
Photo Credit - MOI