【 နိုင်ငံတကာဆောင်းပါး 】 တရုတ်တံခါးဖွင့်ဝါဒနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်တံခါးဖွင့်ဝါဒနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု

၁၉၇၈ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ (၁၁) ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးက စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်လှစ်ရေးဆိုတဲ့ သမိုင်းဝင်ခရီးစဉ်သည် ယခုအခါ ၄၅ နှစ်တိုင်ရှိခဲ့ပြီ ဖြစ်သည်။
 
ထို ၄၅ နှစ်တာအတွင်း တရုတ်နိုင်ငံကို ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာစေပြီး တရုတ်နိုင်ငံရှိ လူသန်းရာနဲ့ချီကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့ကာ အသင့်အတင့်ချမ်းသာ သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးနိုင်ခဲ့သည်။ထိုအချိန်မှစ၍ တရုတ်ခေါင်းဆောင်များ၏ မျိုးဆက်များသည် မူဝါဒကို ခိုင်မာစွာ ကတိကဝတ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံကို ပြင်ပကမ္ဘာကို ဖွင့်ထားသည့် တက်ကြွသော ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်အဖြစ် ပြောင်းလဲခဲ့သည်။
 
တရုတ်နိုင်ငံကို ကြီးမားသောပြောင်းလဲမှုဖြစ်စေသည့် တံခါးဖွင့်ဝါဒသည် တရုတ်ပြည်တစ်ခုတည်းကိုသာ ပြောင်းလဲစေခဲ့သည် မဟုတ်။ကမ္ဘာကိုလည်း များစွာပြောင်းလဲစေခဲ့သည်။တရုတ်နိုင်ငံသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အတွက် တံခါးဖွင့်ဝါဒ ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ခြင်းဖြင့် အ လွန်ကြီးမားသော စားသုံးသူစျေးကွက်အဖြစ် အခြားသူများကို လက်ခံယုံကြည်စေပြီး ထိုမှတစ်ဆင့် တိုးတက်ဖွံ့ဖြိုးမှုဖြင့် အားလုံးအတွက် ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် တစ်သမတ်တည်းသန္နိဋ္ဌာန်ချခဲ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် ယုံကြည်မှုနှင့် သေချာမှုတို့ကို တရုတ်နိုင်ငံက ထည့်သွင်းနိုင်ခဲ့သည်။
 
အဆိုပါ ၄၅ နှစ်တာအတွင်း တရုတ်နိုင်ငံ၏ သန်းရာနှင့်ချီသော ဝင်ငွေအသင့်အတင့်ရှိသော လူလတ်တန်းစားစျေးကွက်သည့် ကမ္ဘာ့နိုင်ငံများရှိ လုပ်ငန်းရှင်များအတွက် ပြန်ရချက် သေချာသည့် စျေးကွက်ဖြစ်လာခဲ့သည်။ကမ္ဘာတွင် ရင်းနှီးမြုပ်နှံရမှုအတွက် လုံခြုံစိတ်ချရသည့် ဒေသအဖြစ် တရုတ်နိုင်ငံ ပေါ်ထွန်းလာရမှုကြောင့် ကမ္ဘာ့ရင်းနှီးမြုပ်နှံလိုသူများအတွက် ရွေးချယ်စရာဖြစ်ခဲ့သည်။ထိုသည်မှာ ကမ္ဘာ့စီးပွားရေး လည်ပတ်မှုအတွက် ကောင်းမွန်သော အခြေခံဖြစ်သည်။
 
တရုတ်နိုင်ငံ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်းသည့် အခြားတတိယကမ္ဘာ့နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတုယူစရာဖြစ်သည်။တရုတ်ပြည် လျင်မြန်စွာတိုးတက်လာခြင်းတွင် တံခါးဖွင့်ဝါဒသည် အဓိကကျသည်။ထို့အတွက် တရုတ်အာဏာပိုင်အဆက်ဆက်သည် တိုးတက်မှုကို လွယ်လွယ်နှင့်ရခဲ့ခြင်းမဟုတ်ဘဲ စမ်းသပ်လိုက် - အမှားပြင်လိုက်ဆိုသည် အခြေခံမူဝါဒဖြင့် ယခုထိရောက်အောင် ကျင့်သုံးခဲ့ရသည်။
 
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အဆင့်မြင့်မားသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ လွတ်လပ်အဆင်ပြေစေရေး မူဝါဒများကို ကျင့်သုံးခြင်း၊ တရုတ်နိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများရဲ့ တရားဝင်အကျိုးစီးပွားများနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများကို အပြည့်အဝ အာမခံချက်ပေးခြင်းတို့ဖြင့် လာရောက်ရင်းနှီးမြုပ်နှံသူများကို ယုံကြည်မှုရှိစေခဲ့သည်။ထိုအကျိုးဆက်က ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းအတွင်း ကမ္ဘာ့စီးပွားရေးကို တည်ငြိမ်အောင် ကူညီပေးနိုင်ခဲ့သလို  ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် စဖြစ်ခဲ့သည့် ကိုဗစ် ကပ်ဘေးနှင့် ယူကရိန်း-ရုရှား စစ်မက်ဆိုင်ရာ အကျပ်အတည်းများကြောင့် ကမ္ဘာ့စီးပွားရေး ကမောက်ကမဖြစ်ချိန်တွင် ထိုအကျပ်အတည်းမှ တရုတ်စီးပွားရေး တည်ငြိမ်မှုကြောင့် ကမ္ဘာ့စီးပွားရေး ရပ်ဆိုင်းရလုနီးပါးဖြစ်မှုမှ သက်သာရာ ရစေခဲ့သည်။
 
တရုတ်အာဏာပိုင်များသည် တံခါးဖွင့်ဝါဒကို အထောက်အကူဖြစ်စေရန် စဉ်ဆက်မပြတ် မူဝါဒပိုင်းကို ဂရုစိုက်ခဲ့ကြသည်။သွင်းကုန်မြှင့်တင်ရေးကို တက်တက်ကြွကြွလုပ်ဆောင်ခြင်း၊ စျေးကွက်ဝင်ရောက်မှု အခြေအနေများကို ဖြေလျှော့ပေးခြင်း၊ ဉာဏပစ္စည်းမူပိုင်ခွင့်များ အကာအကွယ်ပေးရေးမူဝါဒကို အကောင်အထည် ဖော်ဆောင်ခြင်း၊ နိုင်ငံတကာထိပ်တန်းအဆင့်ရှိသည် စီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း၊ နိုင်ငံတကာအကြား ငွေကြေးအရင်းအနှီးနဲ့ သိပ္ပံနည်းပညာများ စီးဆင်းမှုကို မြှင့်တင်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ထို့ကြောင့် တရုတ်စျေးကွက်သည် နိုင်ငံတကာရင်းနှီးမြုပ်နှံသူများအတွက် ခိုင်မာသည့် စျေးကွက်အဖြစ် နှစ်များစွာ ရပ်တည်နိုင်ခဲ့သည်။
 
ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်လှစ်ရေးဆိုသည့် သမိုင်းဝင်ခရီးစဉ် မစတင်မီ ၁၉၇၈ မတိုင်မီက တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းသာရှိခဲ့သည်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းတွင် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၉ ရာခိုင်နှုန်းထက်မနည်း တိုးတက်ခဲ့သည်။အထွတ်အထိပ်နှစ်များစွာတွင် တရုတ်စီးပွားရေးသည် ၁၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။
 
၁၉၇၉-၁၉၉၄ ခုနှစ်များအတွင်း လူတစ်ဦးချင်းဝင်ငွေသည် လေးပုံတစ်ပုံနီးပါး တက်လာခဲ့သည်။ထို ၁၅ နှစ်အတွင်း တိုးတက်မှုနှုန်းမှာ ထိုစဉ်က စီးပွားရေးတိုးတက်မှုကြောင့် အာရှကျားလေးကောင်အဖြစ် ရည်ညွှန်းခံရသော ဟောင်ကောင်၊ ကိုရီးယား၊ စင်ကာပူနှင့် ထိုင်ဝမ်တို့၏ ပျမ်းမျှ အားဖြင့် ၇-၈ ရာခိုင်နှုန်းရှိသည့် တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်လျှင် အလွန်ကောင်းမွန်နေသည်ကိုတွေ့ရမည်ဖြစ်သည်။
 
၁၉၇၈ ခုနှစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ရာမှ ကုန်ထုတ်စွမ်းအား ခုန်တက်သွားသည်။ ၁၉၇၉-၁၉၉၄ ခုနှစ်များအတွင်း ကုန်ထုတ်စွမ်းအားတိုးမှုသည် တရုတ်နိုင်ငံတိုးတက်မှု ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်း၏ ၄၂ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ တရုတ်နိုင်ငံတိုးတက်မှု၏ အထင်ရှားဆုံးအရင်းအမြစ်ဖြစ်ခဲ့သည်။တရုတ်နိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စက်မှုလက်မှုလုပ်ငန်းများလည်း အရှိန်အဟုန်ကောင်းစွာ တိုးတက်ခဲ့သည်။
 
တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစုစုပေါင်းပမာဏသည် ယခုအခါ ကမ္ဘာ့ပထမနေရာ၌ ရပ်တည်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည်။အထူးသဖြင့် အာရှရှိ နိုင်ငံအများအပြားသည် တရုတ်ကို အီလက်ထရွန်းနစ် အစိတ်အပိုင်းများနှင့် အစား အစာမှ သတ္တုနှင့် စွမ်းအင်အထိ အရာအားလုံးအတွက် ၎င်းတို့၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်အဖြစ် တရုတ်စျေးကွက်ကို သတ်မှတ်ကြသည်။တရုတ်သည် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကုန်ပစ္စည်းတင်သွင်းသူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ကုန်ပစ္စည်းတင်သွင်းမှု၏ ၁၁ ရာခိုင်နှုန်းနီးပါးထိရှိခဲ့သည်။
 
ယခုအချိန်သည် တရုတ်၏ တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးအပေါ် အများကြီးသက်ရောက်နေခဲ့ပြီဖြစ်သည်။တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၁၃ ခုနှစ်တွင် ရာထူးတာဝန်ယူခဲ့ပြီးကတည်းက တရုတ်ပြည်မကြီး၏ ပြင်ပသို့ ချေးငွေသည် ပျမ်းမျှ နှစ်စဉ်နှုန်း ၁၂.၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ပြင်ပချေးငွေများ (အရန်ပိုင်ဆိုင်မှုများ၊ ဘီလ်များနှင့် ကုန်သွယ်မှုခရက်ဒစ်) သည် ၂၀၂၂ နှစ်ကုန်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ထရီလီယံ (သို့မဟုတ်) တရုတ် GDP ၏ ၉.၂ ရာခိုင်နှုန်းထိရှိလာသည်။  
 
ယနေ့ တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး၊ အကြီးဆုံး ကုန်သွယ်နိုင်ငံဖြစ်လာပြီး ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကအားထားရာဖြစ်လာသည်။
 
မကြာသေးမီက ကမ္ဘာ့စီးပွားရေးပညာရှင်များ၏ ခန့်မှန်းမှုတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ သုံးပုံတစ်ပုံကို မောင်းနှင်လိမ့်မည်ဟု ရည်ရွယ်ထားကြောင်းဆိုထားရာ တရုတ်စီးပွားရေးဆိုင်ရာသတင်းအချက်အလက်များသည် မကြာသေးမီလများအတွင်း ကမ္ဘာတစ်ဝှမ်း စီးပွားရေး အတွက် သတိထားစောင့်ကြည့်ရသည့် ညွှန်ပြကိန်းများဖြစ်လာခဲ့သည်။
 
ထိုသည်မှာ ၁၉၇၈ ခုနှစ်က စတင်ခဲ့သည့် တံခါးဖွင့်ဝါဒကနေ ဖြစ်လာသည့် အကျိုးသက်ရောက်မှုများကြောင့်ပင် ဖြစ်လေသည်။
 
စိုးငြိမ်း