【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ယန်ဇီမြစ်ဝှမ်း

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ယန်ဇီမြစ်ဝှမ်း

တရုတ်သမ္မတ ရှီကျင့်ဖျင်က အထူးအလေးပေး တိုက်တွန်းလျက်ရှိသော ယန်ဇီမြစ်ဝှမ်းပူးပေါင်းရေးသည် စီးပွားရေးနည်းဗျူဟာ သက်သက်မဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာတစ်ခုလည်းဖြစ်သည်။
 
စီးပွားရေးအရဆိုလျှင် ဒေသတွင်းရှိ စက်မှုလုပ်ငန်းများနှင့် အရင်းအမြစ်များအားလုံးကို အမြင့်ဆုံး အသုံးပြုနိုင်ခြင်းသည် ဒေသနှင့် နိုင်ငံအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီမြင့်တက်ရေးအတွက်ပါ အထောက်အကူပြုနိုင်သည်။  
 
ဒေသတွင်း၌ အခြေခံအဆောက်အအုံများ ချိတ်ဆက်လိုက်ပါက ပထမဦးဆုံး အကျိုးရှိမည်မှာ ပူးပေါင်းဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ဖြစ်သည်။ဥပမာအားဖြင့် ယန်ဇီမြစ်ဝှမ်း မြန်နှုန်းမြင့် မီးရထားလမ်းကြောင်းသည် ခရီးသွားနှုန်းကိုလျှော့ချကာ ကုန်သွယ်မှုကို တွန်းအားပေးစေမည်ဖြစ်ပြီး အရည်အသွေးပြည့်လုပ်သားများနှင့် အရင်းအမြစ်များ ပို့ဆောင်လှုပ်ရှားမှုကို မြန်ဆန်စေမည်ဖြစ်သည်။  
 
ဒေသတွင်း၌ စက်မှုအဆင့်မြှင့်တင်ရေးသည် တီထွင်မှုရှိသော၊ သဘာဝပတ်ဝန်းကျင် အထောက်အကူပြုသော၊ ဝန်ဆောင်မှုအခြေပြုသော စီးပွားရေးကို ပေါ်ထွန်းစေပြီး ဒစ်ဂျစ်တယ်စီးပွားရေးအထိပါ ကူးပြောင်းနိုင်ခဲ့သည်။ဥပမာအားဖြင့် စူကျောင်း၏ အဆင့်မြှင့်ကုန်ထုတ်လုပ်မှုတွင် ရှန်ဟိုင်း၏ ကလောက်နှင့် ဒေတာကြီးများ ဝန်ဆောင်မှုကို ပူးပေါင်းပြီး တီထွင်ဆန်းသစ်မှုရှိသော စီမံကိန်းများ များစွာလုပ်ဆောင်နိုင်ခဲ့သည်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုသည်လည်း ပူးပေါင်းစီမံကိန်းများမှတစ်ဆင့် အားကောင်းလာခဲ့သည်။ကျန်းစုနှင့် ကျဲ့ကျန်းရှိ စွမ်းအင်စီမံကိန်းများကြောင့် ပြန်လည်ဖြည့်တင်းမြဲစွမ်းအင်ကို မြှင့်တင်နိုင်ခဲ့သည်။
 
ယန်ဇီမြစ်ဝှမ်း၌ အဆင့်မြင့်တက်လာမှုသည် တရုတ်၏ ဒေသတွင်း စီးပွားရေးစနစ်ကို ပုံဖော်ရာတွင် အရေးပါပြီး ထိုမှတစ်ဆင့် ပြည်တွင်း စီးပွားရေးတည်ငြိမ်မှုကို အားပေးကာ ကမ္ဘာလုံးဆိုင်ရာ အရင်းအမြစ်ခွဲဝေ အသုံးပြုမှုကို ခိုင်မာစေမည်ဖြစ်သည်။ယခုအခါ ကမ္ဘာ့စီးပွားရေးသည် ပိုမိုပေါင်းစည်းလာသည်နှင့်အမျှ ယန်ဇီမြစ်ဝှမ်းသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းများ ပေးဆောင်လျက်ရှိသည်။  
 
တရုတ်နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ယန်ဇီမြစ်ဝှမ်းသည် အဓိကကဏ္ဍမှ ပါဝင်ခဲ့သည်။တီထွင်ဆန်းသစ်မှုနှင့် စက်မှုအဆင့်မြှင့်တင်မှု မဟာဗျူဟာများကို ဗဟိုပြုသောကြောင့် နိုင်ငံစီးပွားရေးကို လွှမ်းမိုးမှုရှိခဲ့သည်။ယန်ဇီမြစ်ဝှမ်းဒေသနှင့် ခါးပတ်နှင့် လမ်း အစီအစဉ်တို့ ပေါင်းစပ်ခြင်းသည် အမျိုးသားမဟာဗျူဟာတစ်ခုဖြစ်လာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း လက်တွေ့ကျသော ရွေးချယ်မှုဖြစ် လာခြင်းဖြစ်သည်။  
 
ယန်ဇီမြစ်ဝှမ်းသည် အခြေခံအဆောက်အအုံကို အားကောင်းစေပြီးဖြစ်သောကြောင့် ပြည်တွင်းနှင့် ပြည်ပ ဆက်သွယ်ရေးစွမ်းရည်များ အားကောင်းလာပြီဖြစ်သည်။ရှန်ဟိုင်းအား ဗဟိုပြု၍ အဓိကသယ်ယူပို့ဆောင်ရေးကွန်ရက်ကိုလည်း တည်ဆောက်ပြီးဖြစ်သည်။ထို့ကြောင့် ခါးပတ်နှင့် လမ်း အစီအစဉ်မှ နိုင်ငံများအနေဖြင့် တရုတ်သို့သာမက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သို့ပါ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပြီဖြစ်သည်။
 
ယန်ဇီမြစ်ဝှမ်းသည် အဆင့်မြင့် ထုတ်ကုန်များနှင့် နည်းပညာသိပ္ပံကဏ္ဍတို့ကို ဆက်လက်တိုးတက်စေရန် ရည်ရွယ်ထားပြီး ခါးပတ်နှင့်လမ်း အစီအစဉ်၏ မူဝါဒဖြစ်သော သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုး တိုးတက်မှုနှင့် ကိုက်ညီနေသည်ကိုလည်း တွေ့ရသည်။ထို့ကြောင့် ယန်ဇီမြစ်ဝှမ်းသည် ခါးပတ်နှင့် လမ်း အစီအစဉ်တွင်ပါဝင်သော နိုင်ငံများအတွက် နည်းပညာနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြင့်တက်အောင် ကူညီပေးနိုင်မည်ဖြစ်သည်။  
 
ငွေကြေးပိုင်းဝန်ဆောင်မှုသည်လည်း ယန်ဇီမြစ်ဝှမ်း ပူးပေါင်းဆောင်ရွက်ရေး၏ အဓိကအချက်တစ်ချက်ဖြစ်သည်။နိုင်ငံတကာဘဏ္ဍာရေးစင်တာဖြစ်သော ရှန်ဟိုင်း၏ အတွေ့အကြုံများကြောင့် ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခါးပတ်နှင့် လမ်း အစီအစဉ်ပါ နိုင်ငံများအတွက် ပေးဆောင်နိုင်မည်ဖြစ်ပြီး ဈေးကွက်ချိတ်ဆက်မှုကို ကောင်းမွန်စေကာ နှစ်ဖက်စလုံး အကျိုးရှိစေမည်ဖြစ်သည်။ငွေကြေးဆိုင်ရာ တီထွင်ဆန်း သစ်မှု စွမ်းရည်များ မြင့်တက်လာသည်နှင့်အမျှ ယန်ဇီမြစ်ဝှမ်း၏ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၌ ဗဟိုကျသော အခန်းကဏ္ဍသည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။  
 
ယန်ဇီမြစ်ဝှမ်း၌ ယဉ်ကျေးမှုများ မတူကွဲပြားကြပြီး ပညာရေးအရင်းအမြစ်များ များစွာရှိသောကြောင့် ခါးပတ်နှင့် လမ်း အစီအစဉ်ပါ နိုင်ငံများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ခြင်းများပြုလုပ်နိုင်မည်ဖြစ်ကာ နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးအတွက် ပြတင်းပေါက်ဖြစ်လာပြီး တရုတ်၏ အနုနည်းဖြင့် အင်အားလွှမ်းမိုးမှုကို အားကောင်းစေမည်ဖြစ်သည်။  
 
ထို့ကြောင့် ယန်ဇီမြစ်ဝှမ်းသည် ခါးပတ်နှင့် လမ်း အစီအစဉ်အတွက် များစွာအထောက်အကူပြုရုံသာမက တရုတ်နှင့် နိုင်ငံတကာအသိုက်အဝန်းတို့အတွက် အကျိုးရှိစေမည့် ပွင့်လင်းသော၊ အားလုံးပါဝင်သော၊ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုကိုလည်း ဖော်ဆောင်ပေးနေခြင်းဖြစ်သည်။  
 
စိုးနိုင်ထွန်း
Ref - Yangtze River Delta plays leading role in Chinese modernization|CMG