【 နိုင်ငံတကာဆောင်းပါး 】 ပန်းတိုင်အသစ်များဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး

【 နိုင်ငံတကာဆောင်းပါး 】 ပန်းတိုင်အသစ်များဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး

ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စီးပွားရေးနှင့် လူမှုရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် ရည်ရွယ်သည့် ၂၀၂၃-၂၀၂၇ ငါးနှစ်တာအစီအစဉ်ကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြောက်နိုင်ငံမှ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်မှ ခေါင်းဆောင်များသည် ၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး လန်ချန်း-မဲခေါင် စီးပွားရေးတိုးတက်မှု ခါးပတ်ကိုလည်း အရှိန်မြှင့်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။  

၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားသည် ခြောက်နိုင်ငံအကြား အသက်မွေးဝမ်းကျောင်းကို အဆင့်မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ကာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်တွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလျက်ရှိသည်။  

လေးကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးတွင်မူ နယ်စပ်ဖြတ်ကျော် တိုးတက်မှု အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး ထိုအထဲတွင် ကုန်သွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်နှင့် စိုက်ပျိုးရေးစီမံကိန်းများ ပါဝင်သည်။ပေကျင်းသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအတွက် အထူးချေးငွေကို မိတ်ဆက်ပေးခဲ့ပြီး မိတ်ဖက်နိုင်ငံများအတွက် ထုတ်လုပ်ရေးစွမ်းရည်များကို မြှင့်တင်ရန်နှင့် အခြေခံအဆောက်အအုံနှင့် စက်မှုစီမံကိန်းများကို ထောက်ပံ့ပေးရန်ဖြစ်သည်။  

ဘုံဖွံ့ဖြိုးတိုးတက်မှု ချေးငွေသည် နယ်စပ်ဖြတ်ကျော်စီးပွားရေး၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့တွင် အထောက်အကူဖြစ်ခဲ့ပြီး မကြာသေးမီကပင် လန်ချန်း-မဲခေါင် အာကာသပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နှင့် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ခေါင်းဆောင်များသည် အဆင့်မြင့်နည်းပညာများနှင့် ဂြိုဟ်တုဖွံ့ဖြိုးရေးတို့အတွက် အားတက်သရောဖြစ်နေသည်ကို တွေ့ရသည်။  

အခြားသော အဓိကအောင်မြင်မှုတစ်ခုမှာ နိုင်ငံများသည် လန်ချန်း-မဲခေါင် စီးပွားရေးတိုးတက်မှုခါးပတ် အစီအစဉ်အရ ပြည်သူဗဟိုပြု တိုးတက်စေခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သောနှစ်များအတွင်း ကုန်သွယ်မှုနှင့် စီးပွားရေးဖလှယ်မှုများသည် ပြည်သူများကို အကျိုးရစေခဲ့သည်။ဥပမာအားဖြင့် ရထားလမ်း၊ လေကြောင်းလမ်း၊ ဓာတ်အားလိုင်းများနှင့် သဘာဝပတ်ဝန်းကျင် အထောက်အကူပြု စွမ်းအင်များဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းများသည် နိုင်ငံများအတွက် ဒေသတွင်း အလုပ်အကိုင်ရရှိမှုနှင့် ဒေသတွင်း ဈေးကွက်ရရှိမှုကို ခိုင်မာစေခဲ့သည်။  

ကုန်သွယ်ရေးပိုင်းတွင်လည်း ပေကျင်းနှင့် မဲခေါင်မိတ်ဖက်များ၏ ကုန်သွယ်မှုသည် ပြီးခဲ့သောနှစ်တွင် ဒေါ်လာ ၄၁၅ ဘီလီယံ ကျော်လွန်ခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ အမျိုးမျိုးသော ရင်းနှီးမြှုပ်နှံမှုများကြောင့်ဖြစ်ပြီး ယခုအခါတွင် အဓိကစိုက်ပျိုးရေး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ပုံဖော်ခြင်းဇုန်တွင် အထူးအာရုံစိုက်နေပြီး အရင်းအမြစ်ကြွယ်ဝေသာ စိုက်ပျိုးရေး စီးပွားရေးများကို အပြည့်အဝအသုံးပြုနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။  

“နိုင်ငံများအနေဖြင့် ပူးပေါင်းတိုးတက်မှုအတွက် နက်ရှိုင်းစွာ စီစဉ်ပြီး မဟာဗျူဟာကျ စီမံကိန်းများကို အပြန်အလှန်ဆက်သွယ်ကာ ဖြည့်ဆည်းခြင်းဖြင့် ကုန်သွယ်ရေး၊ စီးပွားရေး၊ စက်မှုစွမ်းရည်၊ စိုက်ပျိုးရေးနှင့် ဉာဏ်ရည်တု ထုတ်လုပ်ခြင်းများအတွက် မိတ်ဖက်တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု တရုတ်ဝန်ကြီးချုပ် လီချန်းက ဆိုခဲ့သည်။  

ခြောက်နိုင်ငံတို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တီထွင်ဆန်းသစ်မှုစင်္ကြံ တည်ထောင်ရေးကို အားကောင်းစေရန်လည်း နည်းလမ်းများ ဆွေးနွေးခဲ့ကြသည်။စင်္ကြံသည် ဒစ်ဂျစ်တယ်စီးပွားရေးကို မြင့်တင်ရေးတွင် အရေးကြီးသောကဏ္ဍတွင် ရှိနေသည်။  အာရှတိုက်၌ လန်ချန်း-မဲခေါင်ဒေသ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ခြင်းအားဖြင့် စင်္ကြံသည် ခါးပတ်နှင့် လမ်းအစီအစဉ်အောက်တွင် အရည်အသွေးမြင့်တိုးတက်မှု၏ အင်ဂျင်ဖြစ်လာနိုင်သည်။ခါးပတ်နှင့် လမ်းအစီအစဉ်မှ စီမံကိန်းများသည် ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ ပညာရေး၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေး စသော ကဏ္ဍများတွင် ဒစ်ဂျစ်တယ်ကူးပြောင်းရေးကို အာရုံစိုက်သောကြောင့် လန်ချန်း-မဲခေါင်နိုင်ငံများ အနေဖြင့်လည်း သင်ခန်းစာများရယူကာ ခါးပတ်နှင့် လမ်းစီမံကိန်းကို အားဖြစ်စေရန် စိတ်အားထက်သန်စွာဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တီထွင်ဆန်းသစ်မှုစင်္ကြံအတွက်လည်း နည်းလမ်းများ ရှာဖွေနိုင်ခြင်းဖြစ်သည်။  

ထိုကဲ့သို့သော ရေရှည်တိုးတက်မှု လုပ်ငန်းစဉ်များသည် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရေး လုပ်ဆောင်နေခြင်း၏ သက်သေများဖြစ်ပြီး ဘုံဖြစ်သော၊ အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်သော၊ ရေရှည်တည်တံ့သော လုံခြုံရေးက အရေးကြီးကြောင်းကို ညွှန်ပြလျက်ရှိသည်။

စိုးနိုင်ထွန်း
Ref - CMG | Lancang-Mekong Cooperation sets new benchmarks for modernization