【 နိုင်ငံတကာဆောင်းပါး 】 အနာဂတ်အတွက် ယုံကြည်မှုအပြည့်အဝရှိနေသော တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】 အနာဂတ်အတွက် ယုံကြည်မှုအပြည့်အဝရှိနေသော တရုတ်နိုင်ငံ

ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များအပြီး ၃ နှစ်တာအကြာတွင် တရုတ်နိုင်ငံ၏ ကမ္ဘာကြီးနှင့် အပြန်အလှန် ဆက်သွယ်မှုသည် ၂၀၂၃ တွင် အားပြည့်အင်ပြည့်ဖြစ်ခဲ့ပြီး “ပြန်လည်ဖွင့်လှစ်ခြင်း” သည် အဓိက ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်။  

“တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နေတဲ့ တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးနှင့်အတူ ရပ်တည်ပြီး အဓိကအင်အားကြီးနိုင်ငံတစ်ခုရဲ့ တာဝန်ဝတ္တရားကိုလည်း ဖြည့်ဆည်းသွားမှာဖြစ်ပါတယ်” ဟု သမ္မတ ရှီကျင့်ဖျင်က ၂၀၂၄ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခါးပတ်နှင့် လမ်း ဖိုရမ်မှ စတင်ပြီး တရုတ်-အာရှအလယ်ပိုင်း အစည်းအဝေး၊ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲနှင့် ကမ္ဘာ့ခေါင်းဆောင်များအား အကြိမ်ကြိမ် သံတမန်ခင်း လက်ခံတွေ့ဆုံခဲ့ခြင်းများသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒနှင့် ကမ္ဘာကြီးနှင့်အတူ မျှော်မှန်းချက်များအား မျှဝေလိုကြောင်းကို ပြသနေခြင်းဖြစ်သည်။ဥပမာအားဖြင့် အောက်တိုဘာလတွင် ကျင်းပခဲ့သော ခါးပတ်နှင့် လမ်း ဖိုရမ်တွင် တရုတ်-နိုင်ငံခြားစီးပွားရေးသဘောတူညီချက်များတွင် အမေရိကန်ဒေါ်လာ ၉၇.၂ ဘီလီယံ ရရှိ သဘောတူညီနိုင်ခဲ့သည်။  

နိုင်ငံပေါင်း ၁၄၀ ကျော်၏ ကုန်သွယ်မှုမိတ်ဖက် ဖြစ်နေပြီးဖြစ်သော တရုတ်နိုင်ငံသည် စီးပွားရေးပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ရန်အတွက် ပြီးခဲ့သောနှစ်တွင် နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်ခဲ့သည်။သြဂုတ်လတွင် တရုတ်နိုင်ငံတော်ကောင်စီသည် အထူးစည်းမျဉ်း ၂၄ ချက်ပါသော လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။ထိုအထဲတွင် နိုင်ငံခြားကုမ္ပဏီများကို သိပ္ပံနည်းပညာစီမံကိန်းများ လုပ်ဆောင်ရန် တိုက်တွန်းထားခြင်း၊ အကြီးတန်းအမှုဆောင်အရာရှိများ၊ နည်းပညာရှင်များနှင့် သူတို့၏ မိသားစုများ၏ ခရီးသွားလာမှုကို ချောမွေ့စေခြင်းနှင့် စမ်းသပ်မှုဧရိယာများကို ပို၍ကျယ်ပြန့်စေခြင်းတို့ ပါဝင်သည်။

နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ တရုတ်ကောင်စီက နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သော စစ်တမ်းအရ တရုတ်နိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီပေါင်း ၇၀၀ အနက် ၈၀ ရာခိုင်နှုန်းသည် ၂၀၂၃ ခုနှစ် တတိယသုံးလတာကာလပတ်ရှိ တရုတ်၏ စီးပွားရေးပတ်ဝန်းကျင်အခြေအနေကို စိတ်ကျေနပ်မှုရှိကြပြီး ၉၀ ရာခိုင်နှုန်းက လာမည့်ငါးနှစ်တာအတွင်းတွင် တရုတ်နိုင်ငံအတွင်း အမြတ်အစွန်း တည်ငြိမ်စေရန် (သို့မဟုတ်) မြင့်တက်လာစေရန် မျှော်မှန်းကြောင်း သိရသည်။

တရုတ်နိုင်ငံသည် စီးပွားရေး ကြံ့ကြံ့ခံနိုင်မှုကို အထောက်အကူဖြစ်စေမည့် အရည်အသွေးမြင့် တံခါးဖွင့်မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။ကပ်ရောဂါအလွန်ကာလတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် ပြန်လည်နာလန်ထူရန် ရုန်းကန်နေရသော်လည်း တရုတ်၏ ဂျီဒီပီတိုးတက်မှုသည် ၂၀၂၃ ခုနှစ်၏ ပထမသုံးလတာကာလပတ်တွင် ပျမ်းမျှ ၅.၂ ရာခိုင်နှုန်းရှိခဲ့သည်။

“မုန်တိုင်းကို ဖြတ်ကျော်ပြီးတာကြောင့် တရုတ်ရဲ့ စီးပွားရေးဟာ အရင်ကထက် ပိုပြီးတော့ ကြံ့ခိုင်လာပြီး တက်ကြွလာပါတယ်” ဟု သမ္မတ ရှီက နှစ်သစ်မိန့်ခွန်းတွင် ဖော်ပြခဲ့သည်။  

သို့သော်လည်း ခရီးလမ်းတွင် လေထန်ခြင်းမှာ မရှောင်ရှားနိုင်ပေ။တရုတ်သည် တံခါးဖွင့်ဝါဒကို ကျင့်သုံးသည့်တိုင် အချို့သောနိုင်ငံများသည် တရုတ်စီးပွားရေးကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်မှ ဖယ်ကြဉ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်ခဲ့ကြသည်။ဥပမာအားဖြင့် အမေရိကန်စီးပွားရေးဌာနသည် တရုတ်၏ နည်းပညာကုမ္ပဏီများမှ အမေရိကန်ထုတ် ဆော့ဝဲလ်များ (သို့မဟုတ်) ကိရိယာများ ဝယ်ယူခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ခဲ့သည်။သို့သော်လည်း ထိုကန့်သတ်ချက်များသည် တရုတ်၏ အောင်မြင်မှုများသာ ဖြစ်စေခဲ့သည်။

အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်လျက် တရုတ်၏ ဟွာဝေးကုမ္ပဏီသည် စက်တင်ဘာလတွင် Mate 60 Pro မော်ဒယ်ဖုန်းကို ထုတ်လုပ်ပြီး အဆင့်မြင့် ချစ်ပ်ပြားနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးကို ပြသခဲ့သည်။

“တရုတ်ထုတ် မိုဘိုင်းဖုန်းများရဲ့ နောက်ဆုံးမော်ဒယ်တွေဟာ ဈေးကွက်အတွင်းမှာ ဆက်တိုက်အောင်မြင်မှုရနေပါတယ်” ဟု သမ္မတ ရှီက ဆိုသည်။

တစ်ချိန်တည်းတွင် တရုတ်က တီထွင်ထားသော စွမ်းအင်သစ်မော်တော်ယာဉ်များ၊ လစ်သီယန် ဘထ္ထရီများနှင့် နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များတွင်ပါ လူကြိုက်များမှုကို ပြသလျက်ရှိသည်။

သမ္မတ ရှီက နှစ်သစ်မိန့်ခွန်းတွင် အလေးပေးပြောခဲ့သလိုပင် “မိမိတို့၏ ပန်းတိုင်မှာ အတုယူဖွယ်ဖြစ်သလို ရိုးလည်း ရိုးရှင်းပါတယ်။အဓိကအားဖြင့် ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ဖန်တီးပေးဖို့ဖြစ်ပါတယ်” ဟူ၍ပင်ဖြစ်သည်။

ထိုပန်းတိုင်ကို ရောက်ရှိရန်အတွက် တရုတ်သည် ပြီးခဲ့သောနှစ်များတွင် တံခါးဖွင့်ဝါဒကို ကျင့်သုံးခဲ့ပြီး ဆက်လက်၍လည်း လာမည့်နှစ်များတွင် တံခါးဖွင့်ထားဦးမည်ဖြစ်သည်။

လေမုန်တိုင်းများနှင့် မိုးသည်းခြင်းများကို မရှောင်လွှဲနိုင်သော်လည်း တရုတ်နိုင်ငံသည် သမ္မတ ရှီ ပြောခဲ့သလိုပင် အနာဂတ်တွင် ယုံကြည်ချက်အပြည့် ဖြစ်နေခြင်းဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | Why China has full confidence in the future