【ဆောင်းပါး】ကမ္ဘာလှည့်များကြားစိတ်ဝင်စားသည့် ဧရာ၀တီလင်းပိုင်ကြည့်ရှုရေးခရီး

【ဆောင်းပါး】ကမ္ဘာလှည့်များကြားစိတ်ဝင်စားသည့်  ဧရာ၀တီလင်းပိုင်ကြည့်ရှုရေးခရီး

မြန်မာနိုင်ငံတွင်းက ဧရာ၀တီမြစ်အတွင်း ဧရာ၀တီလင်းပိုင် ကြည့်ရှုမည့် ခရီးစဉ်တစ်ခုကို လက်ရှိတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူး‌ပေါင်းဆောင်ရွက်နေကြပြီဖြစ်သည်။

အဆိုပါ ဧရာဝတီလင်းပိုင်များမှာ ရှေးယခင်ကတည်းက မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်အတွင်း၌သာ နေထိုင် ကျက်စား ကြသည်ကို မှတ်တမ်းများ၌ ဖော်ပြထားပြီး နောက်ပိုင်းတွင် ငါးဖမ်းမှုနည်းစနစ်အမှားများအပါအဝင် တံငါအချို့၏ ဖမ်းဆီးသတ်ဖြတ်ရောင်းချမှုများကြောင့် လက်ရှိတွင် မျိုးသုန်းလုနီးပါးဖြစ်နေသည့် အခြေအနေမျိုးရှိ လာခဲ့သည်။ ထို့ကြောင့် ငါးလုပ်ငန်းဦးစီးဌာနက ပညာရှင်များအပါအဝင် သက်ဆိုင်ရာနှီးနွယ်ဌာနများမှ ပညာရှင် များ ပူးပေါင်းကာ ဧရာ၀တီလင်းပိုင်ထိန်းသိမ်းရေးအစီအစဉ်များကို လုပ်ဆောင်လာခဲ့ကြသည်။

အဆိုပါ ဧရာ၀တီလင်းပိုင်များမှာ ဧရာ၀တီမြစ်တလျှောက် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဧရိယာများအတွင်း အများဆုံးကျက်စားနေထိုင်လေ့ရှိပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဧရာဝတီလင်း ပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်မှုများကို ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့် ငါးလုပ် ငန်းဦးစီးဌာနက သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြစ်အတွင်း ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းခြင်း အပါ အဝင် လင်းပိုင်များ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်နိုင်သော အခြေအနေများကို မလုပ်ရန်အတွက် အနီးတစ်ဝိုက်မှ ကျေးရွာများထံ အသိပညာပေးခြင်းများကို လုပ်ဆောင်လာလျက်ရှိသလို ဖမ်းယူစားသောက်ခြင်းမျိုးမပြုရန်လည်း ပညာပေးမှုများကို လုပ်ဆောင်ခဲ့ကြသည်။

ထိုဧရာ၀တီလင်းပိုင်များမှာ ဧရာ၀တီမြစ်အတွင်း အစာပေါများသည့်နေရာများသို့ ပြောင်းရွှေ့ကျက်စား ကာ သွားလာလေ့ ရှိကြပြီး မန္တလေးမြို့မှ စစ်ကိုင်း-ကျောက်မြောင်းကြားအတွင်း ၂၈ ကောင်၊ ထီးချိုင့်မှ ရွှေကူ ကြားတွင် ၃၇ ကောင်၊ ဗန်းမော် တဝိုက်တွင် ၁၄ ကောင် စသည်ဖြင့် စုစုပေါင်း ၇၉ ကောင်လောက်ကို လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း စာရင်းကောက်ယူ စဉ်က တွေ့ရှိခဲ့ရဖူးသည်။ နောက်ပိုင်းတွင် မင်းကွန်းဘက်နှင့် မတ္တရာ ဘက်တို့တွင်လည်း တွေ့ရှိလာရ သော်လည်း လင်းပိုင်များနှင့်ပတ်သက်သည့် အခြေအနေအသေးစိတ်ကို စာရင်း ကောက်ယူခြင်းအပါအဝင် ထိန်းသိမ်းမှု လုပ်ငန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ လုပ်ဆောင်နိုင်မှု အားနည်းလာခဲ့သည်။

လင်းပိုင်များမှာ တစ်ကမ္ဘာလုံးတွင်ရှိသော်လည်း ယခုလင်းပိုင်များနှင့် မျိုးစိတ်ကွဲပြားပြီး ယခုလင်းပိုင် များမှာ ဧရာဝတီမြစ် အတွင်းစတင်တွေ့ရခြင်းကြောင့် ဧရာ၀တီလင်းပိုင်ဟူ၍ခေါ်ဆိုခြင်းများလည်းရှိသည်ဟု ဆိုကြသည်။ အခြားသော ကွန်မွန်းဒေါ်ဖင်များ၌ နှုတ်သီးပါသော်လည်း ဧရာ၀တီလင်းပိုင်များတွင် နှုတ်သီးမပါ ခြင်း၊ ရေချိုတွင်သာ နေထိုင်ကျက်စားခြင်း များဖြင့် ကွဲပြားခြားနားလျက်ရှိသည်။ ရေချိုမျိုးစိတ်မှာ အလွန်ရှားပါးသလို ကမ္ဘာပေါ်တွင် ရေချိုမျိုးစိတ် ခုနစ်မျိုးသာ ရှိကြောင်း မှတ်တမ်းများ၌ ဖော်ပြထားကြသည်။ ၎င်းတို့သည် သွေးနွေးသတ္တဝါ ဖြစ်ပြီး အရောင်မှာ နက်ပြာရောင်ရှိသလို အလေးချိန်မှာ ပျမ်းမျှ ၂၀၀ ကီလိုဂရမ်ရှိတတ်ကြသည်။ ၁၄ လလောက် ကိုယ်ဝန်ဆောင်ကြရပြီး အခြားသော တိရစ္ဆာန်များကဲ့သို့ ခြောက်ကောင်၊ ခုနစ်ကောင် တစ်ခါတည်းမမွေးဘဲ တစ်ကြိမ်လျှင် တစ်ကောင်သာ မွေးလေ့ရှိကြသည်။

မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်အတွင်း လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ဝန်းကျင်လောက်ကတည်းက နေထိုင် ကျက်စားခဲ့ကြ ခြင်းကြောင့်လည်း အိမ်နီးချင်းနိုင်ငံများ၊ မဲခေါင်မြစ်တစ်လျှောက်နှင့် အိန္ဒိယနိုင်ငံတို့ရှိ အလားတူ လင်းပိုင်များကို ဧရာဝတီလင်းပိုင်ဟု အသိအမှတ်ပြုခေါ်တွင်ခဲ့ခြင်းများရှိသည်။ ဧရာဝတီလင်းပိုင်များ၏ ပုံပန်း သဏ္ဍန်မှာ အလွန်ချစ်စရာကောင်းပြီး ၎င်းတို့၏ ထူးခြားချက်တစ်ခုမှာ တံငါများနှင့်အတူ ငါးဖမ်းဆီးကြခြင်းလည်း ဖြစ်သည်။ တံငါသည်များက လှေကိုလှော်တက်ဖြင့် တဒေါက်ဒေါက်ခေါက်လိုက်သည့်အခါ ဧရာ၀တီလင်းပိုင်လေး များရောက်လာပြီး ငါးများသည့်နေရာသို့ ဦးဆောင်၍ ခေါ်သွားလေ့ရှိတတ်သည်။

ယခုနောက်ပိုင်းတွင် နည်းပညာများ တိုးတက်လာသလို ငါးမျှားသောလုပ်ငန်းများအတွင်းတွင်လည်း ယခင်ကထက်တိုးတက်လာခဲ့သည်။ ပိုက်ကွန်ဖြင့် ငါးဖမ်းဆီကြသည့်အပြင် လျှပ်စစ်ရှော့ခ်ရိုက်၍ ငါးများ ဓာတ်လိုက်ကာ ပေါလောပေါ် မျောလာသည့်အခါမှ ငါးသေများကို အေးဆေးကောက်ကြရင်း လုပ်ဆောင် လာကြပြီး ယင်းလျှပ်စစ်ရှော့ခ်ခြင်းများက ဧရာ၀တီလင်းပိုင်များအတွက် ထိခိုက်သေဆုံးသော အခြေအနေကို ကြီးမားစွာဖြစ်စေသည့် အကြောင်းရင်းလည်း ဖြစ်လာခဲ့သည်။

ဧရာ၀တီလင်းပိုင်များ၏ ထူးခြားချက်တစ်ခုဖြစ်သည့် တံငါများနှင့်အတူ ငါးဖမ်းဆီးခြင်းမှာ နိုင်ငံခြားသား များအပါအဝင် မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ဧည့်သည်များသာမကဘဲ ပြည်တွင်းခရီးသွားများ ကြား ၌လည်း စိတ်ဝင်တစား ကြည့်ရှုဖွယ်ရာတစ်ခုလည်းဖြစ်သည်။ ထိုသို့သော အခြေအနေကိုပြသရင်းဖြင့် ဝင်ငွေဖန် တီးနိုင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးကျေးဇူးများစွာကိုဖန်တီးနိုင်စွမ်းလည်းရှိပေမည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ်ဝန်းကျင်လောက်ကလည်း ဧရာ၀တီလင်းပိုင်ထိန်းသိမ်းရေးနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာတွင် လုပ်ဆောင် ခဲ့ဖူးသည်။ ထိုသို့လုပ်ဆောင် ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာစေ ကာ ဝင်ငွေတိုးတက်စေရန် ရည်ရွယ် ခဲ့သလို ကျေးရွာများဝင်ငွေတိုးရာမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်လာစေခြင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ကျေးလက်သဘာဝဓလေ့စရိုက်များကို ထိန်းသိမ်းသွားနိုင်ခြင်း၊ လက်ပစ်ကွန်ရေလုပ်သားများက ဧရာဝတီလင်းပိုင်နှင့်အတူ ပူးပေါင်းငါးဖမ်းဆီးသည့် ရိုးရာဓလေ့များ ရေရှည်တည်တံ့နိုင်စေခြင်း၊ ဧရာဝတီလင်းပိုင်များကို ပြသခြင်းမှ ကျေးရွာလူထု ဝင်ငွေတိုးတက် စေခြင်း၊ ဧရာဝတီလင်းပိုင် များအပေါ် ကျရောက်လျက်ရှိသော အန္တရာယ်များ လျော့ကျသွားစေကာ ဒေသခံများက ဝိုင်းဝန်းအကာအကွယ်ပေးနိုင်ခြင်း၊ ဧရာဝတီလင်းပိုင်နှင့် ငါးသယံဇာတတို့ကို ကျေးရွာလူထုကိုယ်တိုင်ထိန်း သိမ်းရေး ဆောင်ရွက်မှု ရရှိလာစေခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင် ခဲ့ကြသည်။

ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းကလည်း ဧရာဝတီလင်းပိုင်များ အများဆုံးကျက်စားနေထိုင်ရာ မန္တလေး မြို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မြောင်းအကြားရှိ ဧရာဝတီမြစ်အတွင်းတွင် ယခုနှစ်မှ ပေါက်ဖွားထား သည့် လင်းပိုင်ငယ် သုံးကောင်ကို မန္တလေးမြို့က ဒေသခံရေလုပ်သားများ တွေ့ရှိထားကြသည်။ ထိုလင်း ပိုင်များ ကို မင်းကွန်းနှင့် ကျောက်မြောင်းဧရိယာ ကြားတွင် နေထိုင်ကျက်စားသည်ဟု ယူဆထားသော်လည်း အစာ ပေါများရာနေရာကို မူတည်၍ ရွေ့လျားသွားလာလေ့ ရှိကြသည်။

ယခု ၂၀၂၄ ခုနှစ်၏ လာမည့် ဖေဖော်ဝါရီလတွင် ဧရာ၀တီမြစ်အတွင်း လင်းပိုင်ကြည့်ရှုသည့်ခရီးစဉ်ကို သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပူး‌ပေါင်းလုပ်ဆောင်နေလျက်ရှိရာ သဘာ၀ကို အခြေခံသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်လာမည့်အခြေအနေလည်းဖြစ်သည်။ ထိုခရီး သွားလုပ်ငန်းများသည် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေသလို ဧရာ၀တီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရန်အတွက် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်ကိုလည်း အထောက်အကူ များ ပြုစေမည်ဖြစ်သည်။

အလားတူ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်လည်း မျိုးသုဉ်းလုနီးပါးဖြစ်နေသော တရုတ် လင်းပိုင်ဖြူ (သိပ္ပံအမည်- Sousa chinensis) ကို တရုတ်နိုင်ငံ၏ ပထမအဆင့် ကာကွယ်ထားသောမျိုးစိတ်အဖြစ် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN) တွင် မျိုးသုဉ်းလုနီးပါးမျိုးစိတ်များစာရင်း၌ ၂၀၀၈ ခုနှစ် က စာရင်းသွင်းဖော်ပြကာ ထိန်းသိမ်းနေလျက်ရှိသည်။

ထို့အတူ ကမ္ဘာ့နိုင်ငံများတွင်လည်း တိရစ္ဆာန်များဖြင့် ပြသလာသည့် ပြပွဲများမှာ စိတ်ဝင်စားမှုများခဲ့သလို ကမ္ဘာလှည့်ဧည့်သည် များ ကြား၌ ရေပန်းစားကာ နှစ်ခြိုက်ကြည့်ရှုစရာပြပွဲမျိုးဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် လည်း သဘာ၀ပတ်ဝန်းကျင် ဂေဟစနစ်များကို ထိန်းသိမ်းရင်း သဘာ၀ကိုအခြေခံသည့် ခရီးသွားလုပ်ငန်းကို ဖော် ဆောင်ခြင်းဖြင့် ဒေသခံများအတွက် အကျိုးဖြစ်ထွန်းစေရန် လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့်ပင် မကြာခင် ဖော် ဆောင်တော့မည့် ဧရာ၀တီလင်းပိုင်ကြည့်ရှုရေး ခရီးစဉ်မှာ ကမ္ဘာလှည့်ဧည့်သည်များကြားတွင် စိတ်ဝင် စားမှုမြင့်တက်စေမည့် ခရီးစဉ်တစ်ခုဖြစ်သလို Eco Tourism ဖွံ့ဖြိုးရေး အတွက် အထောက်အကူကောင်း များဖြစ်စေမည်ဟုလည်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်

Photo - WCS