【 ဆောင်းပါး 】အိပ်မက်ဆန်ဆန်လှပတဲ့ရှုခင်းတွေနဲ့ မန်ယာကျောက်စိမ်းရေကန်

【 ဆောင်းပါး 】အိပ်မက်ဆန်ဆန်လှပတဲ့ရှုခင်းတွေနဲ့ မန်ယာကျောက်စိမ်းရေကန်  

လူတို့နေထိုင်ရာမြေကမ္ဘာမှာ ခံစားမှုအစုံပေးစွမ်းနိုင်တဲ့ နေရာများစွာရှိပြီး ဒီအထဲ ရုတ်တရက်တွေ့ကြုံလိုက်ရသူအဖို့ အံ့ဩကြည်နူးဖွယ်အတိနဲ့ရယ်မောချင်လောက်အောင်ကို ခံစားမှုတွေဖြစ်ပေါ်စေတဲ့ နေရာတွေရှိနေပါတယ်။ 
အဲဒီနေရာဟာ ကြီးမားကျယ်ပြန့်လွန်းတဲ့ ကျောက်စိမ်းလွင်ပြင်ကြီးတစ်ခုမှာ ရောက်ရှိသလိုခံစားရပြီး ကောင်းကင်နဲ့ရေပြင်ကြားမှာ ဆက်စပ်တည်ရှိနေတဲ့ တောင်တန်းနဲ့အတူ ရောင်ပြန်ဟပ်တင့်တယ်လှတဲ့ ရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့နေရာဖြစ်ပါတယ်။ အဝေးကနေ ကောင်းကင်နဲ့ရေပြင်ကို တွဲဆက်ကြည့်ရင် ကောင်းကင်အရောင်က အောက်မှာအရိပ်ထင်သလိုရှိနေပြီး အောက်ခြေပတ်ဝန်းကျင်ကိုပဲ ကြည့်မယ်ဆိုရင်တော့ ကျယ်ပြောလှတဲ့ ကျောက်စိမ်းလွင်ပြင်၊ ကျောက်စိမ်းပင်လယ်ရတနာသိုက်ကြီးထဲ ရောက်နေတယ်လို့ခံစားရမှာ သေချာပါတယ်။        
ဒါကြောင့်လည်း စိတ်ကူးအိပ်မက်ကမ္ဘာထဲက နေရာတစ်ခုလိုတောင်ဖြစ်နေပါတယ်။ ဒီနေကို မန်ယာကျောက်စိမ်းကန်လို့ လူတွေသိကြပြီး တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် မန်ယာမြို့မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဧရိယာအကျယ်အဝန်း ၂၆ စတုရန်းကီလိုမီတာခန့်ကျယ်ဝန်းတဲ့ ဒီရေကန်ဟာ အင်မတန်လှပပေမယ့် သဘာ၀ မဟုတ်တဲ့ လူလုပ်ဆားရေကန်ဖြစ်ပါတယ်။ 
တချို့ကတော့ ဒီရေကန်ကို "ကောင်းကင်မှန်" လို့တင်စား ဖော်ပြကြပါတယ်။ ဒါပေမယ့် တင်စားဖော်ပြမှုက လွန်ကြူးတယ်လို့တော့ မဆိုချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မန်ယာကျောက်စိမ်းရေကန်ဟာ လေငြိမ်နေတဲ့အချိန်ဆိုရင် ၎င်းရဲ့ကျယ်ပြန့်တဲ့ကန်ရေပြင်ဟာ စိမ်းစိမ်းစိုစိုနဲ့ ဖန်သားလို ချောမွေ့နေတာကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ တချို့ကတော့ဒါကို ဂိုဘီသဲကန္တာရပေါ်က မြကျောက်စိမ်းနဲ့ တူတယ်လို့ ဆိုကြပြန်ပါတယ်။             
အခုဆိုရင်တော့ ဒီနေရာက ကိုယ်ပိုင်ကားတွေလာရောက်လည်ပတ်ကြတဲ့ ခရီးစဉ်တွေနဲ့အတူ ရေပန်းစားတဲ့ နေရာတစ်ခုအဖြစ် ရှိလာနေပါတယ်။ ကန်ရဲ့မျက်နှာပြင်ဟာ တောက်ပလျက်ရှိပြီး Mint Green နဲ့ ကျောက်စိမ်းလို အရောင်မျိုးစုံနဲ့ ပြည့်နှက်နေပါတယ်။ တစ်ဆက်တည်းမှာဘဲ ကန်ရေဟာ နေရာတိုင်းမှာမှန်တစ်ချပ်လိုပြန့်ကြဲ နေပြီး အဝေးကတောင်တန်းတွေ၊ကောင်းကင်ပြာပြာနဲ့အတူ တိမ်သားဖြူဖြူတွေကို ရောင်ပြန်ဟပ်ပြီး ပြိုးပြိုးပြက်ပြက်နဲ့လှပနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကြွယ်ဝတဲ့သတ္တုဓာတ်တွေနဲ့ ထူးခြားတဲ့မြေပြင်ပုံစံတွေကြောင့် မန်ယာကျောက်စိမ်းရေကန်ဟာ မတူညီတဲ့လျှို့ဝှက်ဆန်းကြယ်မျက်နှာပြင်နဲ့ ဆွဲဆောင်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။
ဒီနေရာကိုလာရောက်ကြသူတွေကတော့ အများစုက ဓာတ်ပုံနဲ့ဗီဒီယို ရိုက်ကူးဖို့ အားသန်ကြပါတယ်။ အခြားတစ်ဖက်မှာတော့ ပတ်ဝန်းကျင်ရှုခင်းက ဟစ်အောက်ရယ်မောချင်လောက်အောင်ကို စိတ်လှုပ်ရှားစေ မှာ ဖြစ်ပါတယ်။ ဒီစိမ်းစိုတောက်ပတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံငုံဖို့ဆိုရင်တော့ ခရီးလေ့လာလည်ပတ်သူတွေဟာ ဝေဟင်ဒရုန်းတွေကို အသုံးပြုရိုက်ကူးကြတာကို တွေ့ရမှာဖြစ်ပါတယ်။ 
လက်ရှိအချိန်မှာဆိုရင် မန်ယာကျောက်စိမ်းရေကန်ရဲ့ရှုခင်းပုံတွေဟာ ကမ္ဘာတစ်ဝန်းမှာပျံ့နှံ့နေပြီဖြစ်ပြီး မတူညီတဲ့ နေဝင်ချိန်၊နေထွက်ချိန်က စလို့ အချိန်ကာလနဲ့ ရှုထောင့်မျိုးစုံ၊ ရာသီဥတုအစုံကနေ ပြောင်းလဲပြီး မတူကွဲပြားတဲ့ အရောင်မျိုးစုံနဲ့ လှပတင့်တယ်မှုတွေရှိနေပါတယ်။ ဒီနေရာမှာ ၎င်းရဲ့ဖမ်းစားမှုတွေထဲမှာ Xiaomi ဖုန်း ကုမ္ပဏီက မန်ယာကျောက်စိမ်းရေကန် Wallpaper ကို မိတ်ဆက်ပြုလုပ်ခဲ့ကြတဲ့အထိ ဒီရှုခင်းတွေက ဆွဲဆောင်မှုတွေပါဝင်ပါတယ်။
အခုလိုစိတ်ဝင်စားဖွယ်ရှုခင်းတွေနဲ့ ဖမ်းစားမှုတွေရှိနေတဲ့ဒီနေရာဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ Qaidam မြစ်ဝှမ်း၊ လှပတဲ့ Altun တောင် သဘာဝဘေးမဲ့တောကလည်း ကပ်လျက်တည်ရှိနေတာကြောင့် ၎င်းရဲ့ရှုခင်းဟာ ပြီးပြည့်စုံလျက်ရှိနေတာဖြစ်ပါတယ်။ 
မန်ယာကျောက်စိမ်း ရေကန်မှာ ဒီလိုလှပတဲ့မြင်ကွင်းတွေ၊ရှုခင်းတွေနဲ့အတူ နှစ်စဉ်ခရီးသွားထောင်ပေါင်း များစွာ ကို ဆွဲဆောင်လျက်ရှိ နေပါတယ်။ ရောက်ဖူးတဲ့ သူအများ စုဟာ “ကောင်းကင်မှန်” တစ်ချပ်လို အလှ တွေနဲ့ပြည့်နေ့တဲ့ ဒီနေရာကို မေ့နိုင်ကြမှာမဟုတ်ဘဲ မန်ယာ ကျောက်စိမ်းရေကန် ရဲ့ အလှတရားကို ထပ်မံ ခံစားလိုကြတယ်လို့ ဖော်ပြကြပါတယ်။
 
မိုးသား