【နိုင်ငံတကာဆောင်းပါး】ကမ္ဘာ့ပထမဆုံး ရေအောက်ပြတိုက်

【နိုင်ငံတကာဆောင်းပါး】ကမ္ဘာ့ပထမဆုံး ရေအောက်ပြတိုက် 

မြင်နေကျမဟုတ်တဲ့မြင်ကွင်းဆန်းဆန်းတွေကို နှစ်သက်ကြတဲ့လူသားတွေကြောင့် ရေအောက်ကမ္ဘာက ရှေး ဟောင်းမြင်ကွင်းတွေကိုလည်း စိတ်ကူးယဉ်အဆင့်ကနေ လက်တွေ့အကောင်အထည်ဖော် ကြည့်နိုင်အောင် ကမ္ဘာတစ်ဝန်း စီစဉ်ပြသလာကြပါတယ်။ ဒါပေမယ့် ရေငုပ်သွားလာရတဲ့ပြတိုက်တွေသာများခဲ့ပြီး ဒီအထဲ ရေငုပ် သွားလာစရာမလိုဘဲ ကြည့်ရှုလို့ရတဲ့ ကမ္ဘာ့ပထမဆုံးရေအောက်ပြတိုက်တွေကို တရုတ်နိုင်ငံမှာတည်ဆောက်ပြထားပါတယ်။

အရှည် ၉၁ မီတာရှည်တဲ့ စက်လှေကားကို ရေထဲစီးပြီး ၁၄၆ မီတာရှည်တဲ့ အလျားလိုက်စင်္ကြံကို ဖြတ်လို့ ယန်စီ (Yangtze)  မြစ်ရဲ့ မျက်နှာပြင်အောက် ၄၀ မီတာမှာရှိတဲ့ မြင်ကွင်းပြခန်းထဲကို လမ်းလျှောက်ပြီး လည်ပတ် ကြည့်ရှုလို့ရတဲ့ပြတိုက်ပဲဖြစ်ပါတယ်။ ဒီပြတိုက်ကို  Baiheliang ရေအောက်ပြတိုက် (သို့) White Crane Ridge ရေအောက်ပြတိုက်လို့ ခေါ်ကြပါတယ်။ ရေအောက်ပြတိုက်တည်နေရာက တရုတ်နိုင်ငံ အနောက် တောင်ပိုင်း Chongqing မြူနီစီပယ်မှာရှိတဲ့ ယန်စီ (Yangtze) မြစ်အလယ်မှာ တည်ရှိနေတာဖြစ်ပါတယ်။

ဒီပြတိုက်တည်ဆောက်မှုမှာတော့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၉၃ သန်း (ဒေါ်လာ သန်း ၃၀) ကုန် ကျ ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ရေအောက်ပြတိုက်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေး မှု အဖွဲ့ (UNESCO) က ရေငုပ်စရာမလိုဘဲ လာရောက်ကြည့်ရှုနိုင်တဲ့ ကမ္ဘာ့ပထမဆုံးရေအောက်ပြတိုက်အဖြစ် ချီးကျူးဂုဏ်ပြုထားပါတယ်။ ဒီရေအောက်ပြတိုက်ရဲ့ထူးခြားချက်အနေနဲ့ အရှည် ၁၆၀၀ မီတာနဲ့ အကျယ် ၁၅ မီတာရှိတဲ့ သဘာဝကျောက်တုံးကြီးပေါ်မှာ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။

ဒီပြတိုက်ရဲ့သမိုင်းကြောင်းကိုဆိုရရင်  အေဒီ ၇၆၃ မတိုင်မီ ရှေးတရုတ်လူမျိုးတွေက ကမ္ပည်းစာတွေ ကို ဒီကျောက်လွှာ White Crane Ridge မှာ စတင်ရေးသားခဲ့ရာက ဆက်နွယ်ပေါ်ပေါက်လာတယ်လို့ ဆိုနိုင် ပါတယ် ။ ဒီနေရာမှာအချို့လက်ရာတွေဟာဆိုရင် အဲဒီအချိန်ကာလအတွင်းက ရေအမှတ်ပြောင်းလဲမှုတွေအကြောင်း မှတ်တမ်းတင်ထားတာတွေဖြစ်ပါတယ်။  ရေမျက်နှာပြင်ကို မှတ်တမ်းတင်ဖို့ လူတွေကကျောက် ငါးတွေ ကိုထုလုပ်ခဲ့ကြပါတယ်။  ကမ္ပည်းတွေနဲ့ထွင်းထုချက်တွေမှာ ယန်စီမြစ်အထက်ပိုင်း ရေအဆင့် အပြောင်းအလဲကို Tang မင်း ဆက်လက်ထက်ကနေ ၁၉၆၀ ခုနှစ်တွေအထိ နှစ်ပေါင်း ၁၂၀၀ ကျော်တိုင် မှတ်တမ်းတင်ထား မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Three Gorges Dam ပရောဂျက်ကို တည်ဆောက်နေချိန်မှာ White Crane Ridge ဟာ ရေအောက် မီတာ ၄၀ ခန့်ထိ နစ်မြုပ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ရေပြတ်လပ်တဲ့တချို့လတွေမှာသာ အမွေ အနှစ်နေရာက လေပေါ်ထွက် တတ်ပါတယ်။ ယခုအချိန်ထိတော့ White Crane Ridge မှာ ကမ္ပည်းစာ ၁၆၅ ခု၊ အက္ခရာ ၃၀,ဝဝဝ ကျော်၊ ကျောက်ငါး ၁၈ ကောင်၊ ဘုရားလောင်း၂ ရုပ်နဲ့ ကြိုးကြာ ၁ ကောင် ရှိနေပါတယ်။ ဒီလိုနဲ့ သမိုင်းနဲ့ ယဉ် ကျေးမှုနယ်မြေကို ကောင်းစွာထိန်းသိမ်းနိုင်ဖို့  White Crane Ridge ရဲ့ ရေအောက် ပြတိုက်ကို တည်ဆောက်ခဲ့ ကြတာလည်းဖြစ်ပါတယ်။

အခုလိုပြတိုက်တည်ဆောက်မှုနဲ့အတူ လူတွေအတွက်လည်းရေအောက်က စစ်မှန်တဲ့မြင်ကွင်းနဲ့ ပြပွဲခန်းမ  ရေအောက်မှာရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကြည့်ရှုနိုင်ဖို့ အဆင့်မြင့်နည်းပညာဆိုင်ရာ နည်း လမ်းတွေ ပေါင်းစပ်ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Baiheliang ရေအောက်ပြတိုက်ရဲ့ အဓိကစိတ်ဝင်စားဖွယ်ဆွဲဆောင်မှုအနေနဲ့ တွေ့ရမှာက ကျောက်ထွင်း ထုခြင်းတွေနဲ့ ရေမျက်နှာပြင်ကိုမှတ်တမ်းတင်တိုင်းတာခြင်းမှာ ထူးချွန်တဲ့ စွမ်းရည်က ကမ္ဘာပေါ်မှာရှေးကျတဲ့ လုပ်ဆောင်ချက်တွေထဲ ဂုဏ်ယူဝင့်ကြွားစရာအဖြစ် တွေ့ရမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ "ရေငုပ်သွားလာဖို့ မလိုအပ်ဘဲ ဧည့်သည်တွေ လက်လှမ်းမီနိုင်တဲ့နေရာတစ်ခုမှာ ရေအောက်ယဉ်ကျေးမှုအမွေအနှစ်တွေ တင်ပြခြင်းရဲ့ အံ့ဖွယ်ကောင်းတဲ့ ပထမဆုံးကမ္ဘာ့ဥပမာ တစ်ခုလည်းဖြစ်ပါတယ်” လို့ ရေးသားဖေါ်ပြကြပါတယ်။ တစ်ချိန်တည်းမှာဘဲ ဒါဟာ အခြားရှေး ဟောင်းယဉ်ကျေးမှု နိုင်ငံတွေဖြစ်တဲ့ရှေးအီဂျစ်၊ ရှေးဘေဘီလုံ စတဲ့နိုင်ငံတွေကြားမှာ ထူးခြားပြီး ချီးမွန်းစရာ ရှေးမှတ်တမ်းတင်တဲ့ နည်းလမ်းလည်း ဖြစ်နေပါတယ်။

ကမ္ပည်းတွေမှာဆိုရင် နာမည်ကျော် လက်ရေးလှရေးဆရာတွေရဲ့ ကွဲပြားတဲ့ပုံစံတွေအပါအဝင် မတူညီတဲ့ ပုံသဏ္ဍာန်ဇာတ်ကောင်တွေရှိနေပါတယ်။ ဒါတွေဟာ Tang၊ Song၊ Yuan၊ Ming နှင့် Qing စတဲ့ တရုတ် ပြည်ရှိ ရှေးမင်းဆက်တိုင်းရဲ့ ထူးခြားသောပုံစံတွေပါဝင်နေပါတယ်။ ကမ္ပည်းစာနှင့်ပတ်သက်ပြီး တရုတ်ယဉ်ကျေးမှုကို ထူးထူးခြားခြား သရုပ်ပြမှုအနေနဲ့ ကောင်းမွန်တဲ့ နေရာတစ်ခုအဖြစ်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကမ္ပည်း စာတွေဟာ တရုတ်နိုင်ငံရှိ ယန်စီမြစ်ကြီးအတွင်း သင်္ဘောနှင့် ဟိုက်ဒရောလစ် အင်ဂျင်နီယာတို့အတွက် သိပ္ပံနည်းကျအထောက်အထားတွေ ရရှိခဲ့ခြင်းကို ကိုယ်စားပြုမှုတွေလည်း တွေ့ မြင်ရမှာဖြစ်ပါတယ်။

ကျောက်တောင်ကြောပေါ်မှာ ငါးတွေကို ထွင်းထုကာ "ကမ္ဘာ့ပထမဆုံးရှေးဟောင်းရေမှတ်တိုင်" အဖြစ် ပြောင်းလဲခဲ့ကြတဲ့အခြေအနေက ပြတိုက်ရောက်ခဲ့ရင်မဖြစ်မနေလေ့လာသင့်တဲ့ အရာဖြစ်ပါတယ်။

ရှေးဇလဗေဒလေ့လာရေးနယ်ပယ်အတွင်း အမှန်တကယ်ဆန်းသစ်ပြီး ခမ်းနားတဲ့ လုပ်ဆောင်မှုတစ်ခုအနေနဲ့ ရှိနေလို့ဖြစ်ပါတယ်။ လက်ရှိမှာ ကျောက်ငါး ၁၈ ကောင်ကို ထိန်းသိမ်းထားပြီး ငါးတွေကိုလေ့လာမယ်ဆိုရင်တော့ ငါးတစ်ကောင်ရဲ့ မျက်လုံးက ရေမျက်နှာပြင်ကို မှန်ကန်စွာ မှတ်တမ်းနိုင်တာကိုသိရမှာဖြစ်ပါတယ်ဆိုတာကို တင်ပြရင်း ယန်ဇီမြစ်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှု ပြတိုက်တစ်ခုအကြောင်းကို ဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်။

မိုးသား